ပခုက္ကူ – ပေါက် – ကျောက်ထု ကားလမ်းပေါ်က ​ရေ​ပြာ (အုန်းတော)တံတား မိုင်းဒဏ်သင့်လို့ ယာဥ်တွေ သွားလာလို့မရ

အောက်တိုဘာ ၊ ၅ ၊ ၂၀၂၃
SP (VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူ – ကမ္မ – ရေပြာ – ပေါက် – ကျောက်ထုကားလမ်းပိုင်းပေါ် ရေပြာရွာနားက အုန်းတောတံတားဟာ မိုင်းဒဏ်သင့်ပြီး ပျက်စီးနေတာကြောင့် ကားတွေ ၊ ဆိုင်ကယ်တွေ သွားလာလို့ မရဘူးလို့ ရေပြာဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပခုက္ကူ – ကမ္မ – ရေပြာ လမ်းကြောင်း တလျောက်မှာလည်း လမ်းဘေးသစ်ပင်ကြီးတွေကို လမ်းပေါ် မှာ ကန့်လန့်ဖြတ် ခုတ်လှဲထားတာမို့ ယာဥ်တွေ သွားလာလို့ မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
” အုန်းတော တံတားက အရှည်ပေ ၃၀၀ ကျော်ရှိတယ် ၊ မြန်မာ – ဂျပန် ၂ နိုင်ငံချစ်ကြည်ရေး တံတားဖြစ်တယ် ၊ အဲ့ဒီ တံတားပေါ်ကို ၂ နေရာ မိုင်းခွဲဖျက်စီးထားလို့ ယာဥ်တွေ သွားလာလို့မရဘူး ၊ မုံရွာ – ပုသိမ်ကားလမ်းပိုင်းဟာ ခါးကျိုးသလို ဖြစ်နေတယ် ၊ ရေပြာရွာကနေ ပေါက်မြို့အထိလည်း လမ်းဘေးသစ်ပင်တွေ လမ်းပေါ်ကို ခုတ်လှဲထားတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။
အဲ့ဒီအပြင် ပခုက္ကူမြို့မှာရှိတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ” ပခုက္ကူ – ပေါက်လမ်းပိုင်းက ပျက်စီးနေပြီ ၊ အဲ့ဒါကြောင့် ပခုက္ကူက ကုန်စည်တွေကို ဆိပ်ဖြူ – ဆောလမ်းပိုင်းကနေတဆင့် ပတ်သွားရတယ် ၊ မိုင် ၁၀၀ ကျော် ပိုမောင်းရတယ် ၊ ခရီးဝေးတော့ ကုန်တန်ဆာခတွေ အပိုထပ်စောင်း ပေးရတာရှိတယ် ၊ နောက်ပြီး ပေါက်နဲ့ ကျောက်ထုကြားက နတ်ထိပ်တောင်မှာ မြေပြိုတာတွေရှိတယ် ၊ အရင်က ပခုက္ကူ – မင်းတပ်ဟာ တရက်ခရီးဖြစ်ပေမယ့် အခုဆို ၂ ညအိပ် ၊ ၃ ရက်လောက်သွားရတယ် ” လို့ ပြောပါတယ်။
ပေါက်မြို့နယ် ၊ ရေပြာရွာနားက ယောချောင်း ( အုန်းတော) တံတားဟာ ပြီးခဲ့တဲ့ နှစ်တုန်းက အကြိမ်ကြိမ် မိုင်းဒဏ်သင့်တာတွေ ဖြစ်ပေါ်ခဲ့ပြီး အခု အကြိမ်မှာတော့ လုံးဝ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။
အဲ့ဒါကြောင့် မုံရွာ – ပုသိမ် လမ်းပိုင်းလည်း သွားလာလို့မရတော့သလို ချင်းပြည်နယ်တောင်ပိုင်းကိုလည်း သွားလာလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလထဲမှာ မြဝတီ နယ်စပ်ကုန်သွယ်ရေးကားလမ်းပေါ်က လမ်းတံတားတချို့ မိုင်းဒဏ်သင့်တာကြောင့် ကုန်သွယ်ရေးလမ်းပိုင်းတွေ ယာယီ ပြတ်တောက်ခဲ့ရပါတယ် ၊ ဒိအပြင် တနင်္သါရီတိုင်းနဲ့ မွန်ပြည်အစပ်က လမ်းပိုင်းတွေမှာလည်း လမ်းတံတား တချို့ မိုင်းဒဏ်သင့်တာတွေရှိလို့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ သိရပါတယ်။
နစက ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း မီးရထားလမ်းနဲ့ ကားလမ်းတွေမှာ မိုင်းဒဏ်သင့်ခဲ့ရတဲ့ ဖြစ်စဥ်ပေါင်း ၂၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
Photo:Crd

Related posts

Leave a Comment

VOM News

FREE
VIEW