အောက်တိုဘာ ၊ ၅ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ပေါ်မှာ မနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်းက ပစ်ခတ်မှုတွေဖြစ်လို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ ဘုတလင်မြို့ဝင် ဆိုင်းဘုတ်နားမှာ ပစ်ကြတယ် ၊ လူ ၃ ယောက်ပစ်သတ်ခံရတယ် ၊ သေဆုံးသူတွေက ဘယ်ရွာကမှန်း အခုထိ မသိရသေးဘူး ၊ ဘုတလင်မြို့ပေါ်မှာနေတဲ့ လူတွေမဟုတ်ဘူး” လို့ ဘုတလင်မြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညနေ ၅ နာရီဝန်းကျင်မှာ ကျောင်းပြန် ၊ စျေးပြန် ၊ ရုံးပြန်ချိန်ကို ကြိုစောင့်ပြီး ပစ်ခတ်မှုတွေလုပ်မယ်လို့ သတင်းအရ လုံခြုံရေးအဖွဲ့တွေက ကင်းတာဝန်ယူထားတယ် ၊ အဲ့ဒီ အချိန်မှာပဲ မြို့ပေါ်မှာ သေနတ်ကိုင်ပြီးလာတဲ့ လူတွေနဲ့ ထိတွေ့မှုဖြစ်တယ် ၊ အလောင်း ၃ လောင်း ၊ AK 47 သေနတ် ၁ လက် ၊ ဖုန်း ၁ လုံး ၊ လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိတယ် ” လို့ပြောပါတယ်။
အဲ့ဒီ ဘုတလင်မြို့ပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်မနက်က ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ် ဖိုးထူးဆိုသူ ပစ်သတ်ခံရပြီးနောက် စက်တင်ဘာ ၁၆ ရက်မှာ ရဲအုပ် ၁ ဦး အပါအဝင် ရဲ ၂ ဦးပစ်သတ်ခံရတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ဘုတလင်မြို့ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေဟာ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ၂ ဘက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့ အောက်တိုဘာ ၄ ရက် ၊ မနက် ၉ နာရီခွဲ ဝန်းကျင်က မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက် ၊ မုံရွာ – မန္တလေးကားလမ်းပေါ်မှာ နတ်လူထိပ္ပန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမြတ် ၅၁ နှစ်ဆိုသူ မောင်းလာတဲ့ကားကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ၁၅ ချက်ပစ်သတ်ခံရလို့ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။