မျိုးဆက်(VOM)
အောက်တိုဘာ-၆-၂၀၂၃
အမေရိကန် ရီပတ်ဘလစ်ကန်တဦးဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက်ကာသီဟာ ပါတီဝင်လွှတ်တော် အမတ်တွေရဲ့ ဆန့်ကျင်မှုနဲ့အတူ ပြီးခဲ့တဲ့အောက်တိုဘာ ၃ ရက်မှာ အယုံအကြည်မရှိအဆိုနဲ့ရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။
ဒါဟာ သမ္မတ၊ ဒုတိယသမ္မတပြီးရင် နိုင်ငံကို စီမံအုပ်ချုပ်ရေးတာဝန် အရှိဆုံးဖြစ်တဲ့ လွှတ်တော်ဥက္ကဌတဦးကို ဖြုတ်ချမှုလည်းဖြစ်ပြီး အမေရိကန်နိုင်ငံရေးသမိုင်းမှာတော့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေဟာ အောက်လွှတ်တော်ကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် ဒီမိုကရက်တစ်အမတ်တွေနဲ့ အရေအတွက် အလွန်ကျဉ်းမြောင်းတဲ့ အနေအထားဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာမှာတော့ ရာထူးကနေဖယ်ရှားဖို့ ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၂၁၀ ရှိခဲ့ပါတယ်။
ဒီထဲံမှာ မက်ကာသီရဲ့ ရီပတ်ဘလစ်ကန်ပါတီက အမတ်ရှစ်ဦးက သူ့ကိုရာထူးကနေ ထုတ်ပယ်ရေးအတွက် ထောက်ခံမဲပေးခဲ့ကြတာကြောင့်လည်း မက်ကာသီကို အယုံအကြည်မရှိအဆိုတင်သွင်းကာ ရာထူးကနေ ဖြုတ်ချမှု အထမြောက်ခဲ့တယ် ဆိုရမှာဖြစ်ပါတယ်။
မက်ကာသီဟာ အမေရိကန်အစိုးရရဲ့ ယန္တရားတွေ ရပ်မသွားဖို့အတွက် သတ်မှတ်ရက် နောက်ဆုံးအချိန်မှာ ယာယီဘက်ဂျက်တခုကို အတည်ပြုနိုင်ရေးအတွက် အထက်လွှတ်တော်က ဒီမိုကရက်တစ်အမတ်တွေနဲ့ ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ခဲ့တဲ့အပေါ် သဘောထားတင်းမာတဲ့ ရီပတ်ဘလစ်ကန်အမတ်အချို့က မကျေနပ်ရာကနေ သူ့ကို ဖြုတ်ချဖို့ကြိုးပမ်းမှု စတင်ခဲ့တာဖြစ်ပါတယ်။
“လက်ရှိဘက်ဂျက်အစီအစဉ်အတိုင်းဆိုရင် ငွေကြေးဖောင်းပွမှုဖြစ်မယ်၊ အကြွေးတွေတိုးလာမယ်၊ ပိုခက်ခဲမယ်” လို့ မကာသီကို အောက်လွှတ်တော်ဥက္ကဌအဖြစ်ကနေ ဖြုတ်ချဖို့ဦးဆောင်ခဲ့သူ ဖလော်ရီဒါက ကွန်ဆာဗေးတစ်အမတ် မတ်ဂေ့ဇ်ကဆိုပါတယ်။
မက်ကာသီကို ဖြုတ်ချဖို့ကြိုးစားသူတွေဟာ အမေရိကန်နယ်စပ်ကို တင်းကြပ်ဖို့နဲ့ ယူကရိန်းကို ထောက်ပံ့တာတွေ လျှော့ချဖို့ကိုလည်း လိုလားနေကြသူတွေဖြစ်ပြီး ယူကရိန်းအတွက် နိုဝင်ဘာလယ်မှာ ရေတိုကာလထောက်ပံ့မှုအဖြစ် ဒေါ်လာသန်းပေါင်းများစွာပေးမယ့် အစီအစဉ်ကိုလည်း ကန့်ကွက်ခဲ့ကြပါတယ်။
အောက်လွှတ်တော် ဥက္ကဌဟာ ယူကရိန်းကို အကူအညီတွေဆက်ပေးဖို့ သမ္မတဂျိုးဘိုင်ဒင်နဲ့လည်း လျှို့ဝှက်သဘောတူခဲ့တယ်လို့ သဘောထားတင်းမာတဲ့ အောက်လွှတ်တော်အမတ်တွေက စွပ်စွဲထားပါတယ်။
မက်ကာသီဟာ ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ်အဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်ပြီး ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်းကလည်း ရီပတ်ဘလစ်ကန် လူနည်းစုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ရာထူးကနေ နှုတ်ထွက်ပြီးနောက် မက်မကာသီကို အောက်လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်နိုင်ရေးမှာလည်း သူ့ရဲ့ရီပတ်ဘလစ်ကန်ပါတီက သဘောထားတင်းမာတဲ့ အမတ် ၂၀ လောက်က ကန့်ကွက်ခဲ့ကြပါသေးတယ်။
သူဟာ ကွန်ဆာဗေးတစ်အယူအဆကို ခိုင်ခိုင်မာမာစွဲကိုင်သူတယောက်မဟုတ်ဘူးလို့ သူတို့တွေက အကြောင်းပြ ကန့်ကွက်ခဲ့ပြီး မဲခွဲမှု ၁၁ ကြိမ်ပြုလုပ်ချိန်ထိ အောက်လွှတ်တော်ဥက္ကဌကို မခန့်အပ်နိုင်ခဲ့ပါဘူး။
အောက်လွှတ်တော်ဥက္ကဌအဖြစ် အဆိုတင်သွင်းထားသူကို ပါတီတွင်းအမတ်တွေက ကန့်ကွက်လို့ မတင်မြှောက်နိုင်မှုဟာ အမေရိကန်မှာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပြီး နောက်ပိုင်းမှာတော့ မက်ကာသီဟာ လွှတ်တော်ဥက္ကဌဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ သူရာထူးကနေ နှုတ်ထွက်သွားပြီဖြစ်တာကြောင့် အောက်လွှတ်တော်ကို သီတင်းတပတ်ကြာ ရပ်နားထားရပြီး လွှတ်တော်ဥက္ကဌသစ် ရွေးချယ်ဖို့ ပြင်ဆင်နေကြပါတယ်။ အောက်တိုဘာ ၁၁ ရက်မှာ လွှတ်တော်ပြန်ခေါ်ဖို့ စီစဉ်ထားပေမယ့် အောက်လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုရရှိထားတဲ့သူကို ရှာဖွေဖို့ ရက်သတ္တပတ်အနည်းငယ်လည်း ကြာမြင့်နိုင်ပါတယ်။
“အဖြေရှာဖို့ မဟာမိတ်တွေဖွဲ့ဖို့ ကြိုးစားခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်နောင်တမရပါဘူး။ ကျွန်တော်ဟာ ပြသနာဖန်တီးသူမဟုတ်ပါဘူး။ ပြသနာကို အဖြေရှာဖို့ကြိုးစားသူပါ။ ဒီနေ့မဲပေးမှုမှာတော့ ကျွန်တော်ရှုံးပါတယ်။ အမေရိကန်ပြည်သူတွေအတွက် အခုလို တာဝန်ထမ်းခွင့်ရတာ ကံကောင်းတယ်လို့ ခံစားမိပါတယ်။ ဂုဏ်ယူမှု ၊ အောင်မြင်မှုနဲ့ အနာဂတ်အတွက် အကောင်းမြင်မှုတွေနဲ့အတူ လွှတ်တော်ဥက္ကဌနေရာက ကျွန်တော်ဆင်းမှာပါ” လို့ မဲခွဲဆုံးဖြတ်အပြီးမှာ မက်ကာသီက လွှတ်တော်မှာ ပြောပါတယ်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်ဥက္ကဋ္ဌတာဝန်ဟာ သမ္မတနဲ့ဒုသမ္မတပြီးရင် အမြင့်ဆုံးတာဝန် ဖြစ်ပြီး ကီဗင်မက်ကာသီကို ရာထူးကနေ ဖြုတ်ချခဲ့တာကတော့ အမေရိကန်သမိုင်းမှာ အောက်လွှတ်တော်ဥက္ကဌတဦးကို အယုံအကြည်မရှိအဆိုနဲ့ ပထမဆုံးအကြိမ် ဖြုတ်ချနိုင်မှုအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတော့တယ်။
Ref: AP/CNN
Photo: Reuters