အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃
SP( VOM)
မန္တလေးတိုင်း ၊ အောင်မြေသာစံခရိုင် ၊ အောင်မြေသာစံမြို့နယ် ၊ အမရဌာနီ အရှေ့( မြောက်ပြင်) ရပ်ကွက် ၉ လမ်းနဲ့ ၇၉ × ၈၀ လမ်းကြားမှာ မနေ့ အောက်တိုဘာ ၁၀ ရက် ၊ ညနေပိုင်းက ရဲတယောက် ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
“မနေက ညနေပိုင်း ၆ နာရီခွဲလောက်မှာ ဖြစ်တာပါ ၊ အမှတ် ၄ နယ်မြေရဲစခန်းက နယ်ထိန်း ရဲတပ်ဖွဲ့ဝင်တယောက်ဟာ အပြင်ကနေ စခန်းကိုပြန်အလာ ရဲစခန်းနားရောက်မှ ပစ်သတ်ခံရတာဖြစ်တယ် ၊ နားထင်နေရာကို ပစ်သတ်သွားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ရဲတယောက် ပစ်သတ်ခံရတယ် ၊ သေဆုံးသူက နယ်ထိန်း ရဲတပ်သား မိုးစန်းဦး ၃၂ နှစ်ဖြစ်တယ် ၊ သူက နယ်မြေသတင်း စုံစမ်းဖို့ ၉ လမ်းတိုင်း အရှေ့ကနေ အနောက်ဘက်ကို ထွက်လာတဲ့အချိန် သူ့နောက်က CZI ဆိုင်ကယ်နဲ့ အမည်မသိ (စုံစမ်းဆဲ) လူ ၂ ယောက်က လိုက်လာပြီး ပစ်တယ် ၊ နောက်ပြီး မိုးစန်းဦးရဲ့ ဦးခေါင်းမှာ ဒဏ်ရာတချက်ရလို့ မန္တေလးဆေးရုံကြီးပို့တဲ့အခါ ရတဲ့ဒဏ်ရာနဲ့ပဲ သေဆုံးတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် မန္တလေးမြို့ခံ တယောက်က ” ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက် ၊ ၁၉ လမ်း၊ ၈၆ × ၈၇ လမ်းကြားရှိ ၊ အောင်မြေသာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအခြေပြု လုံခြုံရေးဆောင် ရွက်ပေးနေတဲ့ လုံခြုံရေးအဖွဲ့က ရဲ တပ်ကြပ်ကြီး တစ်ယောက်လည်း ပစ်သတ်ခံရပြီး ၊ သူကတော့ မသေဘူး ၊ ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာရလို့ နန်းတွင်း စစ်ဆေးရုံမှာ ကုသမှုခံနေရတယ်” ပြောပါတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်အတွင်း အောင်မြေသာစံမြို့နယ်မှာ ရဲ ၂ ယောက် ပစ်သတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် ပြီးခဲ့တဲ့ မေလဝန်းကျင်ကလည်း မြစ်သာ ရထား ရဲတပ်ဖွဲ့မှာ တာဝန်ကျနေတဲ့ ဒုရဲမှူး တယောက်ဟာ ပုသိမ်ကြီးမြို့နယ်ထဲက မိသားစုအိမ်ကို အလည်သွားရင်း အဲ့ဒီ အိမ်ထဲမှာပဲ ပစ်သတ်ခံရပြီး သေနတ်နဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မန္တလေးတိုင်းမှာ ပစ်သတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ရှိတယ်လို့ သိရပြီး အဲ့ဒီထဲက ဝမ်းတွင်းမြို့မှာ သတင်းရဲတပ်ဖွဲ့တာဝန်ခံ တစ်ဦးအပါအဝင် ရထားရဲတပ်ဖွဲ့ဝင်တွေ ၊ နယ်ထိန်းရဲတွေ ၊ အချုပ်ကား လုံခြုံရေး တာဝန်ကျ ရဲတွေ ပါဝင်တယ်လို့ သိရပါတယ်။
Telegram Link: https://t.me/VOMNEWS2023/2918