တပတ်အတွင်း ကျင်းစန်းကျော့ – ဝမ်တိန် ဂိတ်မှ ပို့ကုန်၊ သွင်းကုန်ကားများ အခြေအနေ

အောက်တိုဘာ ၁၁၊ ၂၀၂၃
Shy V(VOM)
တရုတ် – မြန်မာနယ်စပ်၊ မူဆယ် ကျင်းစန်းကျော့ နှစ်နိုင်ငံ ကုန်သွယ်ရာ ဂိတ်ကနေ အောက်တိုဘာ ၃ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ ၁ ပတ် အတွင်း ပို့ကုန်၊ သွင်းကုန်ကား အစီးရေ တစ်ထောင်စွန်းစွန်း ရှိကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
တပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း အစီး ၄၇၀ ကျော် ရှိပြီး တရုတ်ဘက် တစ်ရက်ကို ခါလီအပါအဝင် ပျမ်းမှျ ၇၉ စီးခန့် ဝင်ရောက်ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်း ဇယားတွေ အရ သိရပါတယ်။
ပို့ကုန်တွေထဲမှာ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ အပါအဝင် ရေထွက်ကုန် နဲ့ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းတွေ တင်ပို့ နေတာကို တွေ့ရပါတယ်။
တပတ်အတွင်း သွင်းကုန်ကား စုစုပေါင်း ၅၄၀ ကျော်ပြီး တရုတ်ဘက် ကနေ မြန်မာ ဘက်ကို ခါလီ၊ ကားသစ် အပါအဝင် တစ်ရက်ကို ကားအစီးရေ ပျမ်းမျှ ၇၁ စီး ဝန်းကျင် ဝင်ရောက်လာကြောင်း သိရပါတယ်။

ပို့ကုန်တွေထဲမှာ ဓာတ်ဆီ၊ ဒီဇယ်၊ စက်ယန္တရားတေွဖြစ်တဲ့ တွဲကောင်း၊ နောက်တွဲ၊ ဘက်ဟိုး၊ Dump Truck တွေနဲ့ အခြားလူသုံးကုန် ပစ္စည်းတွေ မျိုးစုံ ဖြစ်ကြောင်း သိရပါတယ်။
မူဆယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်း တရုတ် ယွမ် နဲ့ မြန်မာ ကျပ် လှဲလှယ်နှုန်းမှာ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ၄၅၅၀၀ ကျပ် ဈေးပေါက်ပါတယ်။
အခုတပတ် နဲ့ အရင် တပတ် ကုန်သွယ်နိုင်တဲ့ ပို့ကုန်၊ သွင်းကုန်ကားတွေကို နှိုင်းယှဉ်မယ်ဆိုရင် အခု တပတ်မှာ ပျမ်းမျှ ပို့ကုန်ကား ၆၁ စီး ခန့် လျော့နည်းသွားကာ သွင်းကုန်ကား လည်း အစီး ၁၀၀ ကျော် လျော့သွားတာကြောင့် ဒီတပတ်မှာ ကုန်သွယ်မှုကား ပျမ်းမျှ ၁၉၅ စီးခန့် လျော့သွားတာကို တွေ့ရပါတယ်။
ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကနေ အောက်တိုဘာ ၃ ရက်နေ့ အထိ ၁၀ ရက် အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၉ သန်း ကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး စခန်းတွေရဲ့ သတင်း အချက်တွေ အရသိရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်အနေနဲ့ လည်း စက်တင်ဘာ ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၉ ရက်နေ့ အထိ တပတ်အတွင်း ကုန်သွယ်မှု ပမဏ အမေရိကန် ဒေါ်လာ ၂၃ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းဘတ်နဲ့ မြန်မာကျပ် လှဲလှယ်နှုန်း ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီက ပေါက်ဈေးမှာ ဗဟိုဘဏ်က သတ်မှတ်နှုန်း ၁ ဘတ်ကို ကျပ် ၅၇.၄၆ ရှိပြီး ပြင်ပ ပေါက်ဈေးမှာ ၁ ဘတ်ကို ၉၀ နဲ့ ၉၂ ကျပ်ကြား ရှိကြောင်း ငွေလဲလှဲ စင်တာများမှ သိရပါတယ်။
Photo Crd# ThH

Related posts

Leave a Comment

VOM News

FREE
VIEW