အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃
SP ( VOM)
မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ၊ လန်ဘန်ကျေးရွာနားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က လက်နက်မှောင်ခိုသယ်ဆောင်သူ လူ ၂ ဦးဆီက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို အာသံတပ်က သိမ်းဆည်းရမိတဲ့အခါ အဲ့ဒီ လူ ၂ ဦးဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ မြန်မာ အိန္ဒိယ နယ်စပ်မှာ အာသံရိုင်ဖယ်တပ်က တွေ့ရတဲ့ မသင်္ကာဖွယ်ရာ လူ ၂ ကို ဖမ်းဆီးတဲ့အခါ အထုပ်တထုပ်ကိုပစ်ချပြီး ကုလားတန်မြစ်ဘက်အတိုင်း မြန်မာနိုင်ငံထဲကို ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲ့ဒီ ပစ်ချခဲ့တဲ့ အထုပ်ကို ဖွင့်ဖောက်စစ်ဆေးတဲ့အခါ အထဲမှာ ဂျယ်လက်တင် အချောင်း ၁၀၀၊ ဒီတိုနေတာ အချောင်း ၁၀၀၊ AK-47 ကျည်ဆံ ၁၅၀၊ ဘက်ထရီအိုး ၁၀ လုံးနဲ့ ဝါယာကြိုး ၁၀ မီတာ သိမ်းဆည်းရမိတာကြောင့် အမှုကို ရှာဟား ရဲစခန်းကိုလွှဲပြောင်းအပ်ပေးထားတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
” ဒီရက်ပိုင်းမှာ မြန်မာ အိန္ဒိယနယ်စပ်မှာ လက်နက်ခဲယမ်းတွေနဲ့ မူယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းမိတယ် ၊ မီဇိုရမ် ဒေသခံတွေ ပါဝင် ပတ်သက်တာရှိသလို မြန်မာနိုင်ငံသားတွေလည်း အများဆုံးပါဝင်တယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ကိုပါးထန်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်လည်း မြန်မာ – အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်းတွယ်လ် (Lawngtlai) ခရိုင် ၊ ဆိုက်ဟားမြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၂ ဦးဆီကနေ AK 47 သေနတ်ကျည်ဆံ အတောင့်ရေ ၁၈၀၀ ကျော် ဖမ်းမိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ ၊ လဲန်းပွီးလေဆိပ်မှာ အိုင်ဇောလ်ကနေ နယူးဒေလီကို ပျံသန်းမယ့် လေယာဥ်ကြောင်းခရီးစဥ်မှာ လေယာဥ်စီးခရီးသည် မြန်မာနိုင်ငံသား တစ်ဦးဆီက ရူပီးငွေ သိန်း ၃၁၀၀ ကျော် ၊ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ( စိတ်ကြွဆေးပြား) တွေ ဖမ်းမိတယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးပေါင်စကျိန် ဆိုသူက ပြောပါတယ်။
မြန်မာ – အိန္ဒိယ နယ်စပ်ဒေမှာ မကြာခဏ ဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်း မှောင်ခိုလုပ်ငန်းတွေ ဖမ်းဆီးရမိတာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
မီဇိုရမ်မှာနေထိုင်ပြီး မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က ” မီဇိုရမ် – မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ လက်နက်မှု ၉ မှု ၊ မူးယစ်ဆေးဝါး ၁၃ မှုနဲ့ မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလကစလို့ ချင်းပြည်နယ်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ ရဲ ၊ မီးသတ်အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ဒေသခံ ပြည်သူ ၂ သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ထဲမှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ထဲမှာ နေရာအနှံ့နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေ အေးချမ်း တည်ငြိမ်မှုမရှိတဲ့အတွက် နယ်စပ်ဒေသမှာ အိန္ဒိယဘက်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့
Telegram Link: https://t.me/VOMNEWS2023/2922