ဟိုပင် – ဝိုင်းမော်လမ်းမှာ ကားတစီး တိမ်းမှောက်လို့ ခရီးသည် ခုနှစ်ယောက်သေဆုံး ၊ ၂၀ ကျော် ဒက်ရာရ

အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၃
SP ( VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဟိုပင်မြို့နယ်ခွဲကနေ ဝိုင်းမော်ဘက်ကို ထွက်ခွာလာတဲ့ ကုန်တင်ကား တစီးဟာ မနေ့ အောက်တိုဘာ ၁၉ ရက် နေ့ခင်းပိုင်းက ရှငေါ်ကျေးရွာနားမှာ တိမ်းမှောက်သွားရာ ကားပေါ်ပါ ခရီးသည်တွေ သေဆုံး ဒဏ်ရာရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က နေ့ခင်း ၁ နာရီဝန်းကျင်က မှောက်တယ် ၊ ကားအမျိုးအစားက ကုန်တင် ၁၂ ဘီးဖြစ်တယ် ၊ ကားပေါ်မှာက ဆောက်လုပ်ရေး လုပ်သား ၃၅ ယောက် လိုက်ပါလာတယ် ” လို့ ရှငေါ်ရွာခံတယောက်က ပြောပါတယ်။
အဲ့ဒီ ကားမှောက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင် တယောက်က ” ကားမှောက်တဲ့နေရာကို လူမှုကူညီရေးအဖွဲ့တွေ လာရောက် ကယ်ဆယ်ပေးတယ် ၊ ကားအောက်မှာ ပိနေတဲ့ ခရီးသည်တွေ ကျန်နေသေးတယ် ၊ ကားပေါ်မှာ ဘိလပ်တို့ သံပင်တွေပါလာတော့ ၊ ကားမှောက်တဲ့အခါ ခရီးသည်တွေပေါ်ပိသွားတယ် ၊ ဒီမနက်အထိ ဆွဲထုတ်နေရတုန်း ၊ လောလောဆယ် သိရတာက ခရီးသည် အမျိုးသား ၊ အမျိုးသမီးပေါင်း ၂၀ ကျော် ဒဏ်ရာရတယ် ၊ နောက်ပြီး အမျိုးသား ခြောက်ဦး ၊ အမျိုးသမီး တစ်ဦး သေဆုံးတယ် ၊ ထိခိုက် သေဆုံး စာရင်း အတိအကျ အဖြေမထွက်သေးဘူး ” လို့ ပြောပါတယ်။
အဲ့ဒီ သေဆုံး ဒဏ်ရာရသူတွေကို မြင့်မြတ်စေတနာ လူမှုကူညီရေး အဖွဲ့တွေက ဆေးရုံကို ပို့ဆောင်ကူညီပေးတယ်လို့ သိရတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ကိုးလ အတွင်း တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်ပေါင်း ၃၆၃၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူ ၂၀၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၀၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီရဲ့ မှတ်တမ်းများအရ သိရပါတယ်။
ဓါတ်ပုံ-ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW