နိုင်ဝင်ဘာ ၊ ၆ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပတ် (မြို့နယ်ခွဲ)မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စလို့ ဒီကနေ့အထိ ၊ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တမူး – ကလေး – မုံရွာ ကားတွေ အသွားအလာ မရှိသေးတာကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ အခုထိ ပြန်လည် နလံမထူးသေးဘူးလို့ နယ်စပ်ကုန်သည်ကြီးအဖွဲ့ ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစလို့ ကလေး – တမူးကားလမ်းမှာရှိတဲ့ ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာနားက ဘဝသစ် (၂) ကုန်ထုတ်လုပ်ရေး အကျဥ်းစခန်း ၊ တမူးမြို့နယ်ခွဲ ခါမ်းပါတ်မြို့က သစ်တော ၊ ရဲစခန်း နေရာတွေနဲ့ ဝိတုတ်ကျေးရွာ ၊ ပြည်သူ့စစ်စခန်း ၊ ပန်းသာရွာ တွေမှာ လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာဆိုရင် ဒီကနေ့အထိ ပြီးပြတ်မှု မရှိသေးဘူးလို့ သိရပါတယ်။
” ပြီးခဲ့တဲ့ မေလကစလို့ အိန္ဒိယနယ်စပ်ဘက်က လူမျိုးရေး ပဋိပက္ခတွေဖြစ်တယ် ၊ အဲ့ဒီ လူမျိုးရေး လှိုင်းက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ရပ်တန့်စေခဲ့တယ် ၊ နောက်ပြီး လုပ်ငန်းတွေ ပြန်လည်စဖို့ နှစ်ဘက်သဘောတူတဲ့အခါ တမူးနယ်ဘက်က လစဥ်လိုလို တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နလံမထူ ဖြစ်ရတာ ” လို့ မိုးရေးမြို့ခံ ကုန်သည် ဦးဂျမားက VOM ကို ပြောပါတယ်။
မန္တလေး – မုံရွာ – တမူး နယ်စပ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ” တမူးလမ်းပေါ်က ခမ်းပတ်် ၊ ကမ္မကြီး ၊ ထင်းဇင် ၊ ဘုက္တန် ၊ ဝိဒုတ် ၊ ပန်းသာ စတဲ့ရွာတွေနားမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီ ကြားမှာ ကားတွေ သွားလာပြေးဆွဲခွင့် အခုထိ မပြုသေးဘူး ၊ ခွင့်ပြုလို့ ကားတွေ ပြေးဆွဲမယ်ဆိုရင်လည်း နားစွင့်ပြီး သွားလာရတာမို့ ကားတွေနားတယ် ” လို့ ပြောပါတယ်။
မုံရွာမြို့ခံ မိုးရေးကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်လည်း ” အိန္ဒိယ (မိုးရေး) ကုန်တွေက အဝင်နည်းတယ် ၊ တဆွဲတပိုးပဲဝင်တယ် ၊ ဟိုအရင်ကလို ကားစင်းလုံးထိုး ဝင်ရောက်တာမျိုးမရှိဘူး ၊ နယ်စပ်ကုန်သွယ်ရေးက အလုပ်မဖြစ်တော့ ကုန်စည်ပြတ်တာတွေရှိတယ် ၊ ဘတ်တားစျေး (မြန်မာ အိန္ဒိယ ငွေလဲစျေး) က မငြိမ်တော့ ကုန်သည်အများစု လုပ်ငန်းတွေ နားထားရတယ် ” လို့ ပြောပါတယ်။
ကလေးမြို့ခံ နယ်စပ်စီးပွားရေး ကုန်သည် တယောက်က ” မြန်မာ – အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက နှစ်ခုရှိပြီး၊ ကလေး – တမူးလမ်းနဲ့ ကလေး – အိုက်ဇော (ဟိုင်မွှာလ်) ချင်းတောင် လမ်းပိုင်းဖြစ်တယ် ၊ အဲ့ဒီ နယ်စပ်လမ်း နှစ်ခုစလုံး
တိုက်ပွဲတွေ ဖြစ်နေတာကြောင့်အလုပ်မဖြစ်ဘူး ” လို့ ပြောပါတယ်။
.
ဒါ့အပြင် အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော် တင်သွင်းလေ့ရှိတဲ့ ကွမ်းယာပစ္စည်းမျိုးစုံ ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ ၊ အိမ်သုံးပစ္စည်းတွေ ၊ ချည်ထည် ပစ္စည်းမျိုးစုံ စတဲ့ ကုန်ပစ္စည်းတွေဟာ နယ်စပ်တင်သွင်းမှု မရှိသလောက် ဖြစ်နေတာမို့ မုံရွာ မန္တလေးဘက်တွေမှာ အဲ့ဒီ ကုန်ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ စျေးကွက် သတင်းအရ သိရပါတယ်။
Telegram Link : https://t.me/VOMNEWS2023/3334