ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၁၉၀၀ ပြောင်းလဲ ကောက်ခံမယ်

 

နိုဝင်ဘာ ၈ – ၂၀၂၃

SN (VOM)

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဗီဇာကြေးကို ဘတ်ငွေ ၂၄၀၀ ကနေ ၅၀၀ လျှော့ချကာ ဘတ် ၁၉၀၀ သာ ပြောင်းလဲ ကောက်ခံတော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။

အခုလိုလုပ်ဆောင်တာဟာ ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်သမားစနစ်ကို အားပေးတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်တွေအတွက် ရွှေ့ပြောင်းအလုပ်သမား ခန့်ထားရေးကို အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တာလည်းဖြစ်ကာ ဒီအစီအစဉ်ကို လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

“အခုက ဘတ်အသစ် ထပ်ဖွင့်တာပေါ့။ အရင် လူဟောင်းတွေ work permit သက်တမ်းတိုးတာ နှစ်နှစ်မပေးတော့ဘူး၊ တနှစ်ပဲပေးတယ်။ ပြီးတော့ သက်တမ်းတိုးခကိုလည်း ၅၀၀ ထပ်လျှော့ပေးလိုက်တာပေါ့။ MoU စာအုပ်တွေလည်း ပြန်လုပ်ပေးနေပြီ။ အသစ်ပြန်မလုပ်ချင်ရင် ဘတ်အသစ်ရိုက်လို့ရတယ်။ သက်တမ်းတိုးတာ အရင်က ၂၄၀၀ ဘတ်၊ အခုက ၁၉၀၀ ဘတ်၊ ၅၀၀ လျှော့ပေးတယ်” လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတ ယောက်က ပြောပါတယ်။

ဒီ အစီအစဉ်သစ်အတွက် ဥပဒေဟာ လေးနှစ်ကြာ သက်တမ်းရှိပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို စတဲ့ နိုင်ငံတွေကနေ ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူညီမှုနဲ့ လာတဲ့ အလုပ်သမား‌တွေ၊ စာချုပ်နဲ့ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေအတွက် အကျိုးကျေးဇူး ခံစားရမှာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ကသာ လျှော့ချပေးတာ။ ဒီမှာက ပွဲစားတွေနဲ့ မရဘူး။ အေဂျင်စီတွေကိုလည်း ဘတ် ၃၀၀၀ ကနေ ၃၅၀၀ အထိ ပေးနေရတယ်” လို့ ထိုင်းရောက် မြန်မာလုပ်သားတ ယောက်က ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်ကတော့ နိုင်ငံခြားက အလုပ်သမားတွေ ထိုင်းမှာ တရားဝင် အလုပ်လုပ်ကြဖို့နဲ့ တရားမဝင် အလုပ်လာလုပ်ကြတဲ့ ပြဿနာကို ဖြေရှင်းဖို့ အခုလို ပြုလုပ်ပေးလိုက်တာဖြစ်တယ်လို့ အသိပေး ကြေညာထားပြီး အလုပ်သမားဝန်ကြီးဌာနဟာ ထိုင်း အစိုးရရဲ့ လမ်းစဉ်အတိုင်း ကိုဗစ်-၁၉ အလွန်မှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့ ဗီဇာကြေးတွေ လျှော့ချပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဌာနရဲ့ စက်တင်ဘာလက စာရင်းအရ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမား နှစ်ဆယ့်ငါးသိန်း ကိုးသောင်းသုံးထောင်လေးရာ သုံးဆယ့်ကိုးယောက်ရှိပြီး အလုပ်ပါမစ်ရဖို့ လျှောက်ထားတဲ့ အလုပ်သမား တသန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

Photo:Crd

Related posts

Leave a Comment

VOM News

FREE
VIEW