နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းဘေးမဲ့တောအနီး ချပ်ကုန်းကျေးရွာနဲ့ အလယ်ခုံ ကျေးရွာနဲ့ကြားလယ်ကွင်းပြင်မှာ မနေ့ နိုဝင်ဘာ ၁၀ ရက် ၊ မနက်ပိုင်း ၉ နာရီဝန်းကျင်က နယ်မြေလုံခြုံရေး အတွက် ရှေ့တန်းထွက်လာတဲ့စစ်ကြောင်းအဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတွေ အများအပြား ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကန့်ဘလူဘက်ကနေ ကောလင်းဘက်သွားတဲ့ စစ်ကြောင်းကို အလယ်ခုံရွာ အနောက်မြောက်ဘက် လယ်ကွင်းပြင်မှာ စောင့်ကြိုတိုက်ခံရတယ်လို့ ကြားရတယ် ၊ ထိခိုက်ကျဆုံးမှုရော လက်နက်ခဲယမ်းတွေပါသွားတာများတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” ချပ်သင်း တိုက်နယ် ဒေသခံ တယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ချပ်ကုန်းနဲ့ အလယ်ခုံ ကြား ထိတွေ့မှု ဖြစ်စဥ်တွေ ပေါ်ပေါက်တယ်လို့ ကနဦး သိရတယ် ၊ ဖြစ်စဥ်ကို စိစစ်နေဆဲမို့ ပြောဖို့အချိန်တွေ စောပါသေးတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ထိတွေ့တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ” စစ်ကြောင်းအဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံးပြီး ၊ ၂၀ကျော်ဒဏ်ရာရတဲ့အပြင် ငါးကြင်းမြီးစက်သေနတ် တလက် ၊ RPG လောင်ချာ တလက် ၊ စနိုက်ပါ သေနတ် တလက် ၊ G3 / G4 သေနတ် အပါအဝင် သေနတ် ၅၉ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ကန့်ဘလူတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက် ၊ မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးဝမြို့နယ် ၊ မဟာမြိုင် တောကြီးအတွင်းမှာရှိတဲ့ အောင်ချမ်းသာကျေးရွာအုပ်စုရဲ့ အနောက်တောင်ဘက် ဆင်အိုင်မ ကျေးရွာနားမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့က လူ ၂၈ ယောက်ကို နစက နယ်မြေရှင်းလင်းရေး အဖွဲ့က ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ကလေးဝမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
“ဆင်အိုင်မရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ် ၊ အမည်မသိ အမျိုးသား အလောင်း ၂၈ လောင်း ၊ အမ်-၇၉ လောင်ချာ တလက် ၊ KIA ထုတ် ၄၀ မမ လောင်ချာ တ လက် ၊ အမ် -၄ သေနတ် လေးလက် ၊ စနိုက်ပါ သေနတ် နှစ် လက် ၊ -HK-33 သေနတ်တလက် ၊ အေကေ-၄၇ သေနတ် တ လက် ၊ အမ်-၂၂ သေနတ် ၁၁ လက် ၊ လက်လုပ်သေနတ် လေး လက် ၊ အမ်-၂၂ ကျည် ၆၈၅တောင့် ၊ စနိုက်ပါကျည် ၁၅၁ တောင့် ၊ ၅.၅၆ ကျည် ၄၁၀ တောင့် ၊ ၄၀ မမ ဗုံးသီး ကိုးလုံးဘအပါအဝင် လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ် ၊ ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်းတွေကိုတော့ ရှာဖွေ ကယ်ဆယ်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းနေရာတချို့မှာ ထိတွေ့တိုက်ပွဲတွေ ခဏတိုင်းဖြစ်နေပြီး နှစ်ဖက်အကျအဆုံးတွေရှိပေမယ့် အတိအကျ အတည်ပြုဖို့ ဆက်သွယ်ရေးကြောင့် ခက်ခဲနေတာကြောင့် ထုတ်ပြန်လာတာတွေကိုပဲ စောင့်ကြည့်လေ့လာနေရပါတယ်။
#voiceofmyanmar #VOM #ကောလင်း #ကလေးဝ