ဒေါ်လာဈေး အလှုပ်အခတ်နဲ့ နောက်ဆက်တွဲ ဂယက်

 

ဒီဇင်ဘာ ၇ – ၂၀၂၃

SN (VOM)

လက်ရှိ ငွေလဲဈေးကွက်အတွင်း ဒေါ်လာဈေးတွေ မြင့်တက်လာနေသလို နောက်ဆက်တွဲဂယက်အနေနဲ့ စက်သုံးဆီ ဝယ်မရတာ၊ အိမ်သုံးဂက်စ်နဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်တာအပြင် တခြားသော ကုန်ပစ္စည်းဈေးနှုန်းတွေလည်း အပြိုင်အဆိုင် မြင့်တက်လို့လာနေပါတယ်။

ငွေလဲဈေးတွေဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တယ်ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အတက်ဘက်ကို ပိုမို ရောက်ရှိ‌နေတာ ဖြစ်ပါတယ်။

“အခုလို ငွေလဲဈေးတွေ မြင့်တက်လာတာက ဗဟိုဘဏ်ထုတ်ပြန်ချက်နဲ့ သိပ်ကို ဆက်စပ်တာပေါ့။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ထိန်းချုပ်မှုမရှိရင်တော့ စီးပွားရေးလုပ်ငန်းရှင်က တက်ဖို့ ချောင်းနေမှာပဲလေ။ အဲဒါ စီးပွားရေးလုပ်ငန်းရှင်တွေက မရိုးသားတာတွေ အများကြီးပါတယ်။ အဲ့ဒါကြောင့် control လုပ်သင့်တယ်လို့ ကျွန်တော်အမြဲတမ်းပြောတာလေ။ control မပါဘဲနဲ့ ဘယ်လောက်အထိ သွားနိုင်မလဲ။ ကျွန်တော်တို့နိုင်ငံက သမားရိုးကျနိုင်ငံမဟုတ်ဘူးလေ။ အဓိက ပြောရရင်တော့ လုပ်ငန်းရှင်တွေက ရိုးသားဖို့လိုအပ်တယ်။ အမျိုးသားရေးစိတ်ဓာတ် လိုအပ်တယ်။ ဒီစိတ်ဓာတ်တွေ ခေါင်းပါးနေတဲ့အချိန် ဘယ်လိုမှ အဆင်မပြေဘူး။ လုပ်ငန်းရှင်တွေကတော့ ဒေါ်လာဈေး ကစားနေဦးမှာပဲ။ ကျွန်တော်တို့က အများကြီးမြင်တယ်။ ကြိုတွက်ပြီးသား။ ဒေါ်လာဖွင့်ပေးလိုက်ပြီ ဆိုကတည်းက ကုန်ဈေးနှုန်းတွေတက်လာမယ်၊ ဈေးနှုန်း ဆွဲတင်မယ်။ တဒေါ်လာကို ၅၀၀၀၊ ၆၀၀၀ ဖြစ်အောင်လုပ်မယ်။ လုပ်ငန်းရှင်က ဒါနဲ့ပဲလုပ်စားတာလေ။ အပြင် စီးပွားရေးလုပ်ငန်းရှင်သမားကလည်း ဒေါ်လာရယ်၊ ရွှေရယ်၊ မြေရယ်ပဲ ကစားတော့တာ။ အခု မြေကလည်း သိပ်ကစားလို့ မကောင်းတော့တဲ့အခါကျတော့ဒေါ်လာနဲ ရွှေကိုပဲ ကစားကြမှာ။ အဓိက ကတော့ ဒေါ်လာကို ကစားကြမှာပေါ့” လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ၃၅၅၀ ကျပ်ဝန်းကျင်ဈေး ရှိနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ‌တော့ တဒေါ်လာ ၃၄၅၀ ကျပ် ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုပဲ နယ်စပ်ကုန်သွယ်မှုမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲဈေးတွေလည်း မြင့်တက်နေပြီး ဒီကနေ့ ဒီဇင်ဘာ ၇ ရက်မှာ ထိုင်းဘတ် ၁၀၀ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၅၇၅ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၄၂ ဒသမ ၃၇ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၈၅ ကျပ်ဝန်းကျင် ရှိနေသလို တခြားသော နိုင်ငံခြားငွေလဲဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က ထိုင်းဘတ် ၉၈ ကျပ်ဝန်းကျင်၊ စင်္ကာပူဒေါ်လာ ၂၅၄၀ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၄၀ ဒသမ ၈၂ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၇၀ ကျပ်ဝန်းကျင် ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့လို ငွေလဲနှုန်းတွေ မြင့်တက်လာတဲ့အကျိုးဆက်က အမေရိကန်ဒေါ်လာကို အခြေပြုပြီး တင်သွင်းနေရတဲ့ ကုန်စည်တွေအပေါ် သက်ရောက်မှုရှိလာပြီး စားသုံးသူတွေဟာ ဒီဒဏ်ကို ခံနေကြရတာ ဖြစ်ပါတယ်။

ငွေလဲဈေးနှုန်း လှုပ်ခတ်မှုတွေကြောင့် နောက်ဆက်တွဲအကျိုးဆက်အဖြစ် တိုင်းနဲ့ပြည်နယ်အများစုမှာ စက်သုံးဆီပြတ်လပ်လာသလို ဝယ်ယူရခက်ခဲနေတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ ဆီတန်းစီဝယ်နေရသလို သီလဝါဆိပ်ကမ်းမှာလည်း ဆီဖြည့်ဖို့အတွက် ဆီဘောက်ဆာကားတွေ တန်းစီ စောင့်ဆိုင်းနေရတာတွေဟာ လက်ရှိမှာ အချိန်တခု ကြာမြင့်လာပြီဖြစ်ကာ တချို့ဆိုင်တွေကတော့ ဆီပြတ်တောက်နေလို့ အရောင်းပိတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။

“သီလဝါမှာဆီထုတ်ဖို့ ငါးနေရာခွဲထားတော့ ဘယ်ကစရမှန်းမသိ။ စက်သုံးဆီ PO (Purchase Order) တွေကို တရက်စာရောင်းဖို့ ခွဲတမ်းချပေးတယ်။ PO တခုချင်းစီရဲ့သက်တမ်းက ငါးရက်ရှိတယ်။ Terminal တခုစီမှာ ဆီထုတ်ရတာက တညအိပ်၊ နှစ်ရက်က အနည်းဆုံးပဲဆိုတော့ အဲ့ဒီ့ တရက်စာ PO တွေ သက်တမ်းကုန်ပြီပေါ့” လို့ စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ စက်သုံးဆီဈေးနှုန်းဟာ 92 တလီတာ ၂၅၁၀ ကျပ်အထိ မြင့်တက် ရောက်ရှိနေသလို ဆီထုတ်မရတဲ့ ပြဿနာတွေကြောင့် စက်သုံးဆီအရောင်းဆိုင် အများစုမှာ ဆီပြတ်လပ်လာတဲ့အတွက် တချို့ဆိုင်တွေဟာ ကားတစီးကို ကျပ် နှစ်သောင်းဖိုး၊ ဆိုင်ကယ်တစီးကို ကျပ်ငါးထောင်ဖိုးသာ ရောင်းချပေးနေရတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ နိုင်ငံခြားဆေးဝါးပစ္စည်းဈေးကွက်မှာလည်း ပြည်ပမှ တင်သွင်းလာတဲ့ ဆေးဝါးပစ္စည်း ဈေးနှုန်းတွေ တပတ်ထက်တပတ် ဈေးမြင့်တက်လာနေတယ်လို့ ပြည်တွင်းက ဆေးဝါးပစ္စည်းမျိုးစုံ အရောင်းဆိုင်တွေဆီက သိရပါတယ်။

“ဈေးတွေလည်းတက်တယ်၊ ဆေးတွေလည်း ပြတ်တယ်။ ဒေါ်လာဈေးကမငြိမ်တော့ ဆေးကုမ္ပဏီကြီး သုံးခုလောက်က အရောင်းရပ်ထားကြတယ်။ အဲ့တော့ ပစ္စည်းပြတ်တာမျိုးတွေ ဖြစ်နေတယ်။ တချို့ကုမ္ပဏီတွေကလည်း တင်သွင်းခွင့် ပါမစ်မကျသေးလို့ဆိုပြီး ပြောကြတယ်။ တချို့ဆေးတွေဆို ဝယ်ရခက်လို့ တခြား အာနိသင်တူဆေးတွေနဲ့ အစားထိုးရောင်းနေရတယ်။ ကျွန်မတို့ဆိုင်က သက်တမ်း ၁၀ နှစ်လောက် ရှိနေပြီမို့သာ ခံသာတာ။ အခုနောက်ပိုင်းမှ ဖွင့်တဲ့ဆိုင်လေးတွေဆို ပြန်ပြုတ်သွားကြတာများတယ်။ ဈေးတွေက မရိုးအောင်ကို တက်နေတာလေ။ အကျထက် အတက်ကများနေတယ်။ အရင်ဆို ကျွန်မတို့ဆိုင်က သိန်း ၂၀ ရင်းရင် သိန်း ၄၀ လောက် မြတ်တယ်။ အခုကတော့ အရင်းထဲကတောင် ပြန်ပါနေတာ။ ဆေးတမျိုးကို ၁၄၀၀ နဲ့ရောင်းရင် ကိုယ်ပြန်ဝယ်တဲ့အခါ ၂၅၀၀ ဖြစ်သွားတာဆိုတော့ ဘယ်လိုလုပ်မလဲ။ မဖြစ်လို့သာ ဆိုင်ဆက်ဖွင့်ထားတာ။ အလုပ်က လုပ်စားလို့ကိုမကောင်းတော့ဘူး” လို့ ဆေးဝါးပစ္စည်းမျိုးစုံ အရောင်းဆိုင်ဖွင့်ထားသူတယောက်က ပြောပါတယ်။

လက်ရှိမှာ တချို့သော ပဋိဇီဝပိုးသတ်ဆေးတွေ၊ အဆုတ်ရောဂါဆေးဝါးတွေ၊ ဆီးချိုဆေးဝါးတွေနဲ့ ပုံမှန်လူသုံးများတဲ့ အမှတ်တံဆိပ်ဆေးတွေ ပစ္စည်းပြတ်လပ်နေတဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။ ကုမ္ပဏီတချို့က ပစ္စည်းမချသလို တချို့ပစ္စည်းပေးတဲ့ ကုမ္ပဏီတွေကလည်း ဆေးဈေးကို ပိုတင်ပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။

“မနေ့က ဆေးသွားဝယ်တာ ကလေးအတွက်အားဆေး ၅၀၀၀ ကျော်တန်က ၉၀၀၀ ကျော်ဖြစ်သွားလို့ မျက်လုံးပြူးရတယ်။ ဈေးက တထောင်၊ နှစ်ထောင်လောက် ကွာရင်တော့ မပြောလိုပါဘူး။ အခုက အများကြီး ခုန်တက်သွားတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ အိမ်သုံးဆေးဝါးတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရတာဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ ပမာဏက ပျမ်းမျှ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့ရှိ အိမ်သုံးဆေးဝါး အရောင်းဆိုင်ကြီးတွေမှာ ငွေကြေးတတ်နိုင်တဲ့သူတွေက ဆေးဝါးတွေကို အနည်းဆုံး သုံး၊ လေးလစာလောက် ကြိုပြီး ဝယ်ယူထားတာကြောင့် တချို့ဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချပေးသလို တချို့ကလည်း လက်ကျန်ရှိသလောက် ရောင်းချပေးနေကြတယ်လို့ သိရပါတယ်။

တချို့သော ကုမ္ပဏီတွေက အသည်းရောဂါနဲ့ပတ်သက်တဲ့ ဆေးဝါးတွေ၊ အားဆေးတွေ အရောင်းပိတ်ထားသလို တချို့သော ကုမ္ပဏီတွေကတော့ ဆေးအမျိုးအစားကိုလိုက်ပြီး ပမာဏသတ်မှတ်ကာ ထိန်းပြီး ရောင်းချပေးနေတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်သုံးဂက်စ် ဈေးကွက်မှာလည်း ရန်ကုန်မြို့အပါအဝင် မြို့တချို့မှာ အိမ်သုံးဂက်စ် ပြတ်လပ်နေပြီး ဈေးတွေ ထပ်တက်လာတယ်လို့ ဂက်စ်အရောင်းဆိုင်တွေဆီက သိရပါတယ်။

အိမ်သုံးဂက်စ် ဈေးနှုန်းတွေဟာ လက်ရှိမှာ တပိဿာကို ၇၅၀၀ ကျပ်ဈေး ဖြစ်ပေါ်နေပြီး ဂက်စ်အနည်းငယ် ဝင်ရောက်လာတဲ့အတွက် ဈေးနှုန်းအနည်းငယ် ပြန်လည် ကျဆင်းလာခြင်းဖြစ်ပြီး နေရာဒေသအလိုက် ဈေးနှုန်း ပြောင်းလဲမှုရှိနိုင်တယ်လို့ သိရပါတယ်။

“အခုက ခွဲတမ်းနဲ့ နည်းနည်းရလာတော့ ဈေးကို အရင် ရှစ်ထောင်ကနေ ၅၀၀ ပြန်လျှော့ပေးထားတာပါ။ ကျွန်တော်တို့ဆိုင်ကတော့ ကိုယ့်ဖောက်သည်တွေကို တတ်နိုင်သလောက် လျှော့ပေးလို့ရသလောက် လျှော့ပေးတာပါ။ လာမယ့် ၈ ရက်နေ့ကျရင်လည်း ဂက်စ်ကမရလောက်သေးဘူးထင်တယ်။ ငွေလဲဈေးတွေ တက်နေတော့ မြန်မာငွေနဲ့လဲဖို့က အခက်အခဲတွေရှိနေတယ် ကြားတယ်” လို့ အိမ်သုံးဂက်စ်အရောင်းဆိုင်မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲဈေးကွက် ဖွင့်ပေးလိုက်တာနဲ့ ပတ်သက်လို့ နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ Export သမားတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ကြိုးစားမှု၊ သူတို့ရဲ့လုပ်ဆောင်ပေးမှုအပေါ်မူတည်ပြီး နစကအနေနဲ့ အကျိုးခံစားခွင့်ရရှိအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ မီဒီယာရှင်းလင်းချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ပို့ကုန်တင်ပို့သူတွေရဲ့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိတဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြားထားတဲ့အတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

“အရင်တုန်းက စစချင်းမှာတော့ ၃၅/၆၅ ရာခိုင်နှုန်းပေါ့။ ပြီးတော့ ၅၀/၅၀ ရာခိုင်နှုန်း သတ်မှတ်လိုက်တယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ ပို့ကုန်တင်ပို့ခြင်းကရရှိတဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ် ညွှန်ကြားထားတဲ့အတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့ အတိုင်း ထပ်မံပြီး ဖြေလျော့ပေးတာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းမှုနဲ့ ပတ်သက်ပြီးတော့လည်း စက်သုံးဆီတင်သွင်းရမယ့် လိုအပ်တဲ့ပမာဏကို တင်သွင်းဖို့အတွက် အသင့်ရှိပြီး တင်သွင်းဖို့အတွက် ရောက်ရှိနေတဲ့ သင်္ဘောတွေလည်း ရှိပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် လက်ရှိ မူဝါဒအပြောင်းအလဲကို ဆောင်ရွက်တဲ့အချိန်မှာတော့ Export တင်ပို့သူတွေကနေ ပြန်ဝင်လာမယ့် ငွေတွေအပြင် ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဆီက ပြန်ဝင်လာမယ့်ငွေတွေ၊ တရားမဝင် ဟွန်ဒီလုပ်ငန်းတွေ ဆောင်ရွက်ထားတဲ့ ငွေတွေဟာ incentive ရှိတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်ရှိတဲ့အတွက် ပိုမိုဝင်ရောက်လာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ပိုမိုဝင်ရောက်လာတာတဲ့အမျှ ဈေးကွက်လည်း သူ့အလိုလို ထိန်းညှိပြီးဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ သတင်းကောင်းပါးလိုပါတယ်။ အခု ဖြေလျော့ပေးထားတဲ့ ကိစ္စရပ် နှစ်ရပ်နဲ့ပတ်သက်ပြီး မီဒီယာကလည်း မေးပါတယ်။ ဒါတွေဟာ ဘာကြောင့်လုပ်တာလဲ။ နံပါတ် (၁) လုပ်ရတဲ့အကြောင်းကတော့ ဖြေလျော့ခြင်းဖြစ်ပါတယ်။ နံပါတ် (၂) ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကုန်ထုတ်လုပ်မှုကို နံပါတ် (၁) အားပေးရမယ်။ နံပါတ် (၂) က ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာရမယ်။ ပြီးရင် ထုတ်ကုန်ပစ္စည်းတွေ ပို့ကုန်တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းတွေကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အကျိုးသက်ရောက်သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှု အနည်းငယ်ရှိပါလိမ့်မယ်။ အထင်ရှားဆုံးပြောရရင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

နစကဥက္ကဋ္ဌကလည်း ပို့ကုန်တင်ပို့သူတွေက အနစ်နာခံဆောင်ရွက်နေရပြီး သွင်းကုန်တင်သွင်းသူတွေကသာ အကျိုးအမြတ်တွေရနေကြောင်း တင်ပြမှုတွေရှိတဲ့အတွက် အဲ့ဒီ့ကိစ္စတွေကို တတ်နိုင်သမျှ ဖြေလျော့ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားထားပါတယ်။

လက်ရှိ ဖြေလျော့ပေးမှုတွေနဲ့ ပတ်သက်လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က “သူတို့လုပ်တာတော့ Export Market ကောင်းအောင်လို့ပေါ့နော်။ တိုင်းပြည်က ဒေါ်လာလိုအပ်ချက်တွေ ရှိတဲ့အခါကျတော့ ဒီ ဒေါ်လာလိုအပ်ချက်တွေ ပြည့်မီအောင်တော့ ဖွင့်ပေးလိုက်တဲ့သဘောပေါ့။ Export သမားတွေအတွက်ကတော့ တိုင်းပြည်ရဲ့စေတနာပါ၊ ပိုက်ဆံများများ ပိုရလာစေချင်တဲ့သဘောရှိတယ်။ ဒါပေမယ့် အခုအချိန်မှာက ဈေးကွက်ထဲ လောလောလတ်လတ် ပြဿနာဖြစ်လိုက်တာက စက်သုံးဆီပေါ့။ စက်သုံးဆီပြဿနာ လာပြီ၊ စားသုံးဆီပြဿနာလာမယ်၊ နောက် တဖြည်းဖြည်း ပြဿနာတွေက တောက်လျှောက် တက်လာတော့မှာ။ ပြီးတော့ တိုင်းပြည်ရဲ့ ၈၀ ရာခိုင်နှုန်းက နယ်စပ်ကုန်သွယ်ရေးက သွားနေတာလေ။ ၂၀ ရာခိုင်နှုန်းကတော့ ပင်လယ်ရေကြောင်းကပေါ့။ အဲ့ဒီ့မှာ နယ်စပ်ကုန်သွယ်ရေးက ထိုင်းရော၊ တရုတ်ရောမှာ ရပ်နေတဲ့အခါကျတော့ ဒေါ်လာနဲ့ ရပ်တည်ဖို့က နည်းနည်းလေး ခဲယဉ်းတဲ့ အနေအထားမှာ ရှိနေတယ်လို့ သုံးသပ်တယ်။ ဆိုတော့ လက်ရှိမှာ ရေလမ်းခရီးတခုတည်းနဲ့ သွားနေတာဖြစ်တဲ့အတွက် အဲ့ဒီ့အတွက် ဒီလမ်းကြောင်းတွေကို ဖွင့်ပေးလိုက်တယ်လို့ပဲ ယူဆပါတယ်” လို့ ပြောပါတယ်။

စက်သုံးဆီနဲ့ ပတ်သက်လို့ နစက က ပြည်တွင်းသုံးစွဲဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီတွေ အလုံအလောက်ရှိကြောင်းနဲ့ ကောလာဟလသတင်းတွေကြောင့် လိုအပ်တာထက် ပိုမိုဝယ်ယူဖို့ မလိုကြောင်း ထပ်မံအသိပေး ပြောဆိုထားပါတယ်။

သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal , Max Terminal , MMTM Terminal , Brighter Energy Terminal, PSW Terminal , Regency SPC Terminal တွေအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နဲ့ လှိုင်သာယာမြို့နယ်ရှိ Denko Terminal တွေကနေ စက်သုံးဆီတွေကို ဆီသယ်ယာဉ်တွေနဲ့ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေရှိ စက်သုံးဆီအရောင်းဆိုင်တွေဆီ စက်သုံးဆီသယ်ယာဉ် (Bowser) တွေနဲ့ နေ့၊ ညမရွေး အဆက်မပြတ် ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ့လို ဖြန့်ဖြူးလျက်ရှိရာမှာ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတဝန်းရှိ စက်သုံးဆီအရောင်းဆိုင် ၃၃၉၁ ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၇၂၉ စီးနဲ့ 92 Ron ဂါလန် ကိုးသိန်းခုနစ်သောင်းကျော်၊ 95 Ron ဂါလန် နှစ်သိန်းငါးသောင်းကျော်၊ ဒီဇယ်ဆီဂါလန် ခြောက်သိန်းငါးသောင်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီ ရှစ်သိန်းသုံးသောင်းကျော်ကို ပို့ဆောင် ဖြန့်ဖြူးနိုင်ခဲ့ပြီး မနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း အဲ့ဒီ့ Terminal တွေကနေ စက်သုံးဆီတွေကို ဆီတင်ယာဉ်တွေနဲ့ အဆက်မပြတ် ဖြည့်တင်း ပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပမှ ဆီတင်သင်္ဘော ၁၀ စီးဟာလည်း ပင်လယ်ဝမှာလည်းကောင်း၊ ဆီတင်သင်္ဘော သုံးစီးမှာ သီလဝါဆိပ်ကမ်းဒေသရှိ Jetty တွေမှာလည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိပြီး သက်ဆိုင်ရာ Terminal တွေဆီ အချိန်နဲ့တပြေးညီ ဖြည့်တင်းနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ ပြည်သူတွေအနေနဲ့ ကောလဟာလသတင်းတွေကြောင့် စက်သုံးဆီပြတ်လပ်နိုင်တယ်၊ ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စင်္ကာပူ MOPS ဈေးနှုန်းအခြေအနေတို့အရ ပြည်တွင်း စက်သုံးဆီဈေးနှုန်း ပြောင်းလဲနိုင်တယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပုံမှန် ပြည်တွင်းသုံးစွဲမှုပမာဏထက် ပိုမိုများပြားစွာ ဝယ်ယူနေကြတဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ ဖြည့်တင်းပေး

နိုင်မှုစွမ်းအားနဲ့အညီ ပုံမှန်သုံးစွဲမှုပမာဏအတိုင်း စဉ်ဆက်မပြတ် စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ကြောင်းနဲ့ မိမိတို့လိုအပ်တာထက် ပိုမိုဝယ်ယူဖို့ မလိုအပ်ကြောင်း နစက က သတင်းထုတ်ပြန် ပြောကြားထားပါတယ်။

Photo Crd: Original Uploader

 

 

Related posts

Leave a Comment

VOM News

FREE
VIEW