ဒီဇင်ဘာ ၊ ၁၃ ၊ ၂၀၂၃
SP(VOM)
ဒီမနက်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးကျေးရွာမှာရှိတဲ့ မော်လူးရဲစခန်း တိုက်ခိုက်ခံရပြီး ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
” ဒီမနက်ပိုင်းက ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာရှိတဲ့ မော်လူး ရဲစခန်းတိုက်ခံရတယ် ၊ အဲ့ဒီနောက် ဒီမနက်ကစလို့ ကားလမ်းတွေပိတ်ထားတယ် ၊ မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းက အဲ့ဒီ တခုတည်းရှိတယ် ၊ အတက်ကားနဲ့ အဆင်းကားတွေ လမ်းမှာ ပိတ်မိနေတယ် ၊ အခုထိ လမ်းမပွင့်သေးဘူး ၊ နောက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်ကလည်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင်နဲ့ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် နယ်စပ်က ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်က နန့်စီးအောင် အဖွဲ့စုံ ပူပေါင်းစစ်ဆေးဂိတ်စခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်အဖွဲ့တွေက နယ်နှစ်ဘက် ညှပ်ပြီးတိုက်ခိုက်နေခဲ့တယ် ၊ အဲ့ဒါကြောင့် လမ်းပိတ်ထားပြီး အခု ရက်ပိုင်းအကြာမှာ နောက်ထပ် တိုက်ပွဲတွေ ပြန်ဖြစ်လို့ လမ်းပြန်ပိတ်ထားတယ် ” လို့ ကားသမား တယောက်က ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီရွာနားမှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေလို့ ဒီကနေ့အထိ မုံရွာ – ပုလဲ – ဂန့်ဂေါ – ဟားခါး ကားလမ်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပိတ်ထားဆဲဖြစ်တာကြောင့် အတက်ကားနဲ့ အဆင်းကားတွေ ကျောနဲ့ ဂန့်ဂေါကြားမှာ ပိတ်မိနေတာ ရက်အတော်ကြာနေပြီလို့ သိရပါတယ်။
ကားသမား တယောက်က ” မကွေးတိုင်းမှာ ပခုက္ကူနဲ့ မြိုင်ကားလမ်း သွားမရဘူး ၊ နောက်ပြီး ပခုက္ကူ – ပေါက် – ကျောက်ထု ကားလမ်းသွားမရဘူး ၊ မိုင်းတွေ ဖောက်ခွဲထားတယ် ၊ အဲ့ဒါကြောင့် ပခုက္ကူ ၊ ဆိပ်ဖြူ ၊ ဆော လမ်းအတိုင်း သွားရတယ် ၊ အဲ့ဒီ လမ်းပိုင်း လက်ဆည်ဘက်မှာ တိုက်ပွဲတွေကြောင့် အခု ပိတ်ထားတယ် ” လို့ ပြောပါတယ်။
ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်ကျေးရွာနားက ကလေး – တီးတိန် – ဖလမ်း – ဟားခါး ကားလမ်းပိုင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာကစလို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပိတ်ထားတာကြောင့် အဆင်းကားတွေဟာ ဗားလုံကျေးရွာနားမှာ အစီးရေ ရာချီ ပိတ်မိနေတာ ရက် ၂၀ ကြာပြီလို့ ကားသမားတွေဆီက သိရပါတယ်။
အဲ့ဒီအကြောင်းနဲ့ ပတ်သက်လို့ အထက်မြန်မာပြည် ကားလုပ်ငန်းရှင် တယောက်က
” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်စပြီး ဒီကနေ့အထိ မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ် ဟားခါးမြို့ကြားမှာရှိတဲ့ တောင်ပေါ် လမ်းပိုင်းကို ပိတ်ထားတယ် ၊ အဲ့ဒီလမ်းပိုင်းမှာ အတက်ကားနဲ့ အဆင်းကားတွေ ရာချီပြီး ပိတ်မိနေတယ် ၊ နောက်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဟိုင်မွာလ် ၊ ရိခေါဒါရ်လမ်းပိုင်းလည်း ပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ချင်းပြည်နယ်မှာ စက်သုံးဆီ အပါအဝင် လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေပါ ပြတ်လပ်နေပြီ ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက လမ်းတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ကားလုပ်ငန်းရှင် တယောက်က
” ၂၀၂၁ ကစလို့ ဒီနေ့အထိ မုံရွာ ယာကြီး ကလေးဝ လမ်းပိတ်ထားတယ် ၊ မုံရွာ ဂန့်ဂေါ ကလေး လမ်းပိုင်းလည်း ပိတ်ထားတာ တနှစ်ကျော်ပြီ ၊ ကလေး ၊ တမူး သွားမယ်ဆိုရင် မဟာမြိုင်တောလမ်းကနေ သွားရတယ် ၊ အဲ့ဒီ မဟာမြိုင်တောလမ်းလည်း ဒီရက်ပိုင်း ပိတ်ထားတယ် ၊ နောက်ပြီး ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကစလို့ အခုထိ ခါမ်းပါတ်မြို့တိုက်ပွဲကြောင့် ကလေး တမူးလမ်းပိတ်ထားတယ် ၊ မုံရွာ မန္တလေး ကလေး လေကြောင်းလိုင်းတွေလည်း တနေ့ကစပြီး ယာယီပိတ်ထားတယ် ၊ ဝက်လက်မြို့နယ် ၊ ရွှေပန်းကုံး တိုက်ပွဲကြောင့် မုံရွာ အရာတော် ရွှေဘိုကားလမ်း ပိတ်ထားတယ် ၊ လွင်ကြီးတိုက်ပွဲကြောင့် မုံရွာ ဖောင်းပြင် ဟုမ္မလင်း ခန္တီး စတဲ့မြို့တွေကို ရေလမ်းကုန်းလမ်းတွေပိတ်ထားတယ် ၊ နောက်ပြီး ဖောင်းပြင် ဟုမ္မလင်း ပင်လည်ဘူး လမ်းလည်း ပိတ်ထားတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” စစ်ကိုင်းတိုင်းအတွင်းရေလမ်း ၊ ကုန်းလမ်းတွေ ပိတ်ထားတာမရှိဘူး ၊ ဒေသ အသီးသီးကို ကုန်စည် စီးဆင်းမှုမြန်ဆန်ဖို့ ကူညီပေးနေတာပဲရှိတယ် ၊ အခု အဲ့ဒီဘက်မှာ နယ်မြေရှင်းလင်းနေပြီဖြစ်လို့ လမ်းတွေပွင့်တော့မှာ ” လို့ ပြောပါတယ်။
ဒါ့အပြင် ဖောင်းပြင် ၊ ဟုမ္မလင်းနဲ့ ခန္တီး မြို့နယ်တွေဟာ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန် ပစ္စည်းတွေကို မုံရွာ – မန္တလေးဘက်က နေ အဓိက တင်သွင်း သုံးစွဲရတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ ကောလင်းတိုက်ပွဲ ၊ ပင်လည်ဘူး တိုက်ပွဲနဲ့ မဟာမြိုင်လမ်းတိုက်ပွဲတွေကြောင့် ကုန်စည်ဝင်ရောက်တာ မရှိတဲ့အတွက် ၊ ကုန်စည်ပြတ်လပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ကလေး – ဟားခါး လမ်းပိုင်းကို လတ်တလော တွေ့ရပုံ (ဒေသခံ ကားသမားတဦး)