မတ် ၂၈ – ၂၀၂၆
SS (VOM)
လာမယ့် ဧပြီလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မုန်တိုင်းငယ် ဖြစ်နိုင်ခြေဟာ အခုအချိန်မှာ ပုံသေ တွက်ဆလို့ မရသေးပေမယ့် လတ်တလော အခြေအနေမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ ပုံမှန်ထက် ပိုမို မြင့်တက်နေတာ ဖြစ်တဲ့အတွက် လေစီးကြောင်း အနည်းငယ် ပြောင်းလဲသွားတာနဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်ခြေ ရှိနေတာဖြစ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“များသောအားဖြင့်လည်း ဧပြီလ၊ မေလတွေမှာက လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတလုံးက ပုံမှန် ဖြစ်နေကျ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခုနှစ်နဲ့တူတဲ့ နှစ်တွေကို ပြန်ကြည့်ပြီး သုံးနှစ်ကို ရွေးရတာပေါ့။ ရွေးလိုက်တော့လည်း အဲဒီသုံးနှစ်လုံးမှာ နှစ်နှစ်က လေဖိအားနည်းရပ်ဝန်း ဖြစ်ပြီးတော့ မုန်တိုင်းငယ် ဖြစ်ခဲ့တဲ့အနေအထားရှိတယ်။ ဆိုတော့ ဒီနှစ်မှာလည်း ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ဟာကို ခန့်မှန်းချက် ပေးထားတာပါ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ လေစီးကြောင်းဟာ မြောက်၊ အရှေ့မြောက်အရပ်တွေမှာသာ ရှိနေသေးတာကို တွေ့ရပေမယ့် ဧပြီလလောက်ဆိုရင်တော့ လမ်းကြောင်း ပြန်ပြောင်းနိုင်ခြေ ရှိနေတာဖြစ်ပြီး အဲဒီအချိန်ကို ရောက်ရှိလာရင်တော့ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်လာတတ်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် လာမယ့် ဧပြီလအတွင်း မိုးရွာသွန်းနိုင်ခြေတွေလည်း ရှိနေတယ်လို့ သိရပြီး ဒီကနေ့ မတ် ၂၈ ရက်မှာ ထုတ်ပြန်တဲ့ ဧပြီလ လပတ်အတွက် မိုးလေ၀သနဲ့ ဇလဗေဒ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ကိုးရက်မှ ၁၂ ရက်ခန့် မိုးရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း ငါးရက်မှ ရှစ်ရက်ခန့်၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တရက်မှ လေးရက်ခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ သိရပါတယ်။
အဲဒီလို မိုးရွာသွန်းမှုဟာ လေဖိအားနည်းရပ်ဝန်းကြောင့် မဟုတ်ဘဲ လေပွေလှိုင်း အခြေအနေတွေကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ဆိုရင်တော့ အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းတွေ ရှိနေသလို တောင်ပိုင်းဒေသတွေမှာတော့ အောက်ဘက်မှာသွားနေတဲ့ လေပွေလှိုင်းတွေ ရှိနေတာဖြစ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“အဲဒါအပြင် မြန်မာနိုင်ငံ တောင်ပိုင်းမှာက ခုဏကပြောသလိုပဲ ဒီကာလက ဧပြီလဆိုရင် မုတ်သုန်အတွက်ကို လေစီးကြောင်း နည်းနည်း ပြန်ချိန်းတော့မှာဆိုတော့ အီကွေတာကနေ တက်လာတဲ့ တိမ်တိုက်တွေကြောင့်လည်း မိုးရနိုင်တယ်။ လက်ရှိ မော်ဒယ်တွေမှာ ဖော်ပြတာတော့ မြောက်ပိုင်းမှာတော့ မိုးနည်းနည်းလေး များတယ်ဆိုတာကို တွေ့ရတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း ဧပြီလဆိုတာဟာ မိုးကြိုကာလ ဖြစ်တာကြောင့် မိုးရွာသွန်းချိန်မှာ မြစ်တွေ၊ ချောင်းတွေအတွင်း မြစ်ရေ ရုတ်တရက် မြင့်တက်တာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် လက်ရှိ ရေနည်းချိန် မြစ်တွေ၊ ချောင်းတွေအနီး နေထိုင်ကြသူတွေအနေနဲ့ သတိပြုသင့်တယ်လို့ သူက ပြောပါတယ်။
“မိုးရာသီကာလလိုမျိုး မြစ်ရေကြီးမှု အခြေအနေတွေတော့ မရှိသေးဘူး။ လောလောဆယ်က မြစ်တွေက ရေနည်းတဲ့ ကာလကနေမှ နည်းနည်းလေး ပြန်စတက်မယ့်သဘောပါ။ များသောအားဖြင့် မြစ်ရေကြီးမယ့် ကာလတွေက မြစ်အထက်ပိုင်းတွေဆို ဇွန်လကုန်လောက်ပေါ့။ မြစ်အလယ်ပိုင်းတို့၊ အောက်ပိုင်းတို့ကျတော့ ဇူလိုင်၊ ဩဂုတ်လောက်မှ ပုံမှန် ဖြစ်နေကျပါ” လို့ သူက ပြောပါတယ်။
ဧပြီလပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ ၅ ပေမှ ၇ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၃ ပေမှ ၅ ပေခန့် လက်ရှိ ရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၃ ပေမှ ၅ ပေခန့်၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ပေဝက်ခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၃ ပေခန့်စီ လက်ရှိ ရေမှတ်အထက် မြင့်တက် လာနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ စစ်တောင်းမြစ်ရေဟာလည်း တောင်ငူမြို့မှာ ၂ ပေခန့်၊ မဒေါက်မြို့မှာ ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၃ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိ ရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။
Photo – CJ
