ထိုင်းရောက်မြန်မာလုပ်သားတွေဆီက အခွန် ၂ ရာခိုင်နှုန်း တွက်ချက် ကောက်ခံမယ့် အစီအစဥ် လုပ်သားတွေဘက်က အခက်အခဲရှိနေ

 

ဒီဇင်ဘာ ၁၄ – ၂၀၂၃

SN (VOM)

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေရဲ့ လစဉ်ဝင်ငွေအပေါ် အခွန် ၂ ရာခိုင်နှုန်း တွက်ချက် ကောက်ခံဖို့ညွန်ကြားတဲ့အပေါ် အခွန်ထမ်းဆောင်ဖို့အခက်အခဲတွေရှိနေတယ်လို့ ထိုင်းရောက်လုပ်သားတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ လစဉ်ဝင်ငွေသတ်မှတ်ချက်တွေကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး (ဗန်ကောက်) က မနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုး/မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သား စတဲ့ Blue Collar တွေရဲ့ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ၁၅၀ ဘတ် လစဉ် ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

“ ပြည်ပနိုင်ငံတွေမှာ နေတဲ့ မြန်မာတွေက တနှစ်ကို ဗီဇာခ၊ အိမ်ခန်းခ၊ စားစရိတ်၊ အခွန်ဖိုး (ထိုင်းနိုင်ငံနေထိုင်ခွင့်)၊ ကျန်းမာရေး အခွန်တွေနဲ့ မနည်း အငတ်ခံစုပြီး အိမ်ပို့ရတာ။ အဲ့ထဲကမှ ဖဲ့ပေးရမယ်ဆိုတော့ အဆင်မပြေဘူး” လို့ ထိုင်းရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ထုတ်ပြန်ချက်ထဲမှာတော့ အခွန်ထမ်းသူတွေအနေနဲ့ အခွန် ၂ ရာခိုင်နှုန်း (၁၅၀ ဘတ်) လစဉ် ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမှာဖြစ်သလို မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာလည်း အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စတာတွေ ဝယ်ယူတဲ့အခါ စုဆောင်းထားတဲ့ ငွေဖြူစာရင်းအပေါ် တွက်ချက်ပြီး ဝင်ငွေခွန် လျှော့ပေါ့ပေးခြင်းကို ခံစားခွင့်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတွေ၊ ရေကြောင်းကုမ္ပဏီတွေ၊ ဆေးရုံ၊ တက္ကသိုလ် ကောလိပ်တွေ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ၊ စက်ရုံ၊ အလုပ်ရုံ အင်ဂျင်နီယာတွေ စတဲ့ White Collar လုပ်သားတွေရဲ့ ဝင်ငွေခွန်ကောက်ခံရာမှာလည်း လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်းကို အခွန်အဖြစ် တွက်ချက်ထားပေမယ့် ထိုင်းနိုင်ငံမှာ အခွန်ဆောင်ထားပါက ၂ ရာခိုင်နှုန်းကို အခွန်တွက်ချက်ရငွေမှ နှုတ်ကာ ကျန်ငွေကိုသာ ပေးဆောင်ရမှာဖြစ်ပြီး ငွေဖြူခံစားခွင့်အနေနဲ့ ၄၁၁၀၀ ဘတ်နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကို ခံစားခွင့်ရရှိမယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတဲ့ နောက်ထပ် မြန်မာလုပ်သားတယောက်က “ဒီမှာက မီတာဆောင်ရင်လည်း အခွန် ၉ ရာခိုင်နှုန်း ဖြတ်တယ်။ ဈေးဝယ်ရင်လည်း ဈေးဝယ်တဲ့အထဲက ပိုက်ဆံ ၇ ရာခိုင်နှုန်း ထပ်ဖြတ်သေးတယ်။ ဒီမှာရောက်နေလို့ အားလုံးက ရွှေထွက်ပြီး အဆင်ပြေနေတာ မဟုတ်ဘူး။ ကလေးရှိတဲ့သူဆို ကလေး တနေ့စရိတ် ၁၅၀ ဘတ် အထက်ရှိတယ်။ ကျောင်းလခ၊ နို့မှုန့်ဖိုးနဲ့ အလုပ်သမားခ ၃၂၀ ဘတ်ဆို ဘာကျန်မလဲ” လို့ ပြောပါတယ်။

အခွန်ပေးဆောင်ဖို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ ဒီနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလအထိ တလကို ၁၅၀ ဘတ်နှုန်းနဲ့ သုံးလစာ ၄၅၀ ဘတ်ကို ဘန်ကောက်မြန်မာသံရုံးမှာ စတင် အခွန်ပေးဆောင်နိုင်ပြီဖြစ်တယ်လို့ အဲ့ဒီ့သံရုံးက ကြေညာထားပြီး နောက်လတွေမှာ လစဉ် ဒါမှမဟုတ် သုံးလ တကြိမ်၊ ခြောက်လ တကြိမ်၊ ကိုးလ တကြိမ် ပေးဆောင်နိုင်တယ်လို့ ကြေညာထားပါတယ်။

အခွန်ထမ်းဆောင်ပြီးသူတွေကို QR Code အမှတ်အသားပါရှိတဲ့ “အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်” ကိုပြန်လည်ပေးအပ်မှာဖြစ်ပြီးပျောက်ဆုံး/ ပျက်စီးခြင်းမရှိအောင်တော့ ကာယကံရှင်က ထိန်းသိမ်းထားရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ အခွန်ပေးသွင်းမှု အထောက်အထား လက်မှတ်ဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာ မိမိရရှိထားတဲ့ ငွေဖြူကို ဝင်ငွေခွန်အတွက် အသုံးပြုလိုတဲ့အခါ အဲ့ဒီ့လက်မှတ်ကို ပြသရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ့ လက်မှတ်ဟာဆိုရင် နိုင်ငံကူးလက်မှတ် အဟောင်းမှ အသစ်ကို လဲလှယ်ခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate Identity – C of I) ပြုလုပ်ခြင်းနဲ့ သက်တမ်းတိုးခြင်း၊ အဲ့ဒီ့လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း၊ အထွေထွေကိုယ်စားလှယ်လွှဲစာ ဒါမှမဟုတ် အထူးကိုယ်စားလှယ်လွှဲစာပြုလုပ်ခြင်း၊ ထောက်ခံစာပြုလုပ်ခြင်း၊ အခွန်လာရောက်ပေးဆောင်ခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ပြုလုပ်ခြင်း၊ MoU U-Turn လုပ်ငန်းစဉ် လျှောက်ထားခြင်း စတဲ့ နေရာတွေမှာ သက်ဆိုင်ရာဌာနတွေကို ပြသရမှာဖြစ်တာကြောင့် ဝင်ငွေခွန်ပေးဆောင်ထားတဲ့ အထောက်အထား မရှိဘူးဆိုရင်တော့ အဲ့ဒီ့ လုပ်ငန်းစဉ်တွေကို ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

“သူတို့ကတော့ ချည်ပြီးတုပ်ပြီး မဆောင်မနေရ ပုံစံမျိုး လုပ်နေတာ။ ဘယ်လိုပဲဖြစ်နေနေ ဆောင်ကိုဆောင်ရမယ့် ပုံစံမျိုး။ သူတို့လိုချင်တာအတွက် တဖက်က ပေးရမယ့်သူတွေရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်စေချင်တယ်။ ကိုဗစ်အလွန် ထိုင်းနိုင်ငံမှာ မြန်မာတွေ ဒုက္ခရောက်နေတာမှ အများကြီး။ ကုန်ဈေးနှုန်းက မြန်မာတင်မဟုတ်ဘူး။ ဒီမှာလည်း တက်နေတာ။ ကြက်ဥတလုံး ၆ ဘတ်၊ ၇ ဘတ်။ အရင်က ၂ ဘတ်၊ ၃ ဘတ်။ မာမားတထုပ် ၁၂ ဘတ် ဖြစ်နေပြီ ထိုင်းမှာ၊ အရင်က ၅ ဘတ်။ ဓါတ်ဆီ တလီတာ အရင် ၃၁ ဘတ်၊ အခု ၃၉.၈၅ ဘတ်။ အစစအရာရာ ကုန်ကျစရိတ်တွေမှ အများကြီး။ အဆင်မပြေဘူး” လို့ ထိုင်းနိုင်ငံက နောက်ထပ် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

ပြည်ပနေ မြန်မာနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် အခုလို အခွန်ကောက်ခံဖို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၇၉/၂၀၂၃ နဲ့ ပြည်ပနေမြန်မာနိုင်ငံသားတွေရဲ့ ပြည်ပမှာရရှိတဲ့ လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ဝင်ငွေခွန် ထမ်းဆောင်ရမှာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။

နစကအနေနဲ့ ပြည်ပရောက် မြန်မာတွေဆီက အခုလို ဝင်ငွေခွန် ကောက်ယူမှုကို စင်္ကာပူနဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာလည်း စတင် လုပ်ဆောင်နေပါတယ်။

Photo-Myanmar Embassy Bangkok

 

Related posts

Leave a Comment

VOM News

FREE
VIEW