ဂန့်ဂေါ – ဟားခါးကားလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ လမ်းပိတ်

 

 

ဒီဇင်ဘာ ၊ ၁၈ ၊ ၂၀၂၃

SP( VOM)

 

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ဘုံဇုံး (Bungzung) ကျေးရွာမှာရှိတဲ့ နစက တပ်စခန်းကို ဒီကနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ဂန့်ဂေါ – ဟားခါး ကားလမ်း ပိတ်ထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

 

” ဒီမနက် အစောပိုင်းကစလို့ ပစ်နေကြတာပါ ၊ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ရွာခံတွေက ညကတည်းက ထွက်ပြေးနေရတယ်ဆိုတော့ အရေအတွက်တော့မသိရသေးဘူး၊ ဒီမနက်ပိုင်းကစလို့ ဂန့်ဂေါ – ဟားခါး ကားလမ်းပိတ်ထားတယ် ၊ အဆင်းကားနဲ့ အတက်ကားတွေ ရာဂဏန်း နီးပါး ပိတ်မိနေတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။

 

ဘုံဇုံး(Bungzung) ကျေးရွာ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထုတ်ပြန်ထားတာက အဲ့ဒီ ဘုံဇုံ (Bungzung) ကျေးရွာမှာရှိတဲ့ နစက တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းတခုလုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ၊ ဒါ့အပြင် နစက တပ်ဖွဲ့ဝင်တချို့ အရှင်ဖမ်းဆီးထားပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က နှစ်ယောက်ထိခိုက်သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

 

အဲ့ဒီ ဘုံဇုံးထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

 

အဲ့ဒီအပြင် ကားသမား တယောက်က ” ချင်းပြည်နယ်ကို မကွေးတိုင်း ဆောမြို့နယ်နဲ့ ကျောက်ထုမြို့နယ်ခွဲက ဝင်လမ်းတခုရှိတယ် ၊ နောက်ပြီး ဂန့်ဂေါမြို့ကနေ ဝင်လမ်းတခုရှိတယ် ၊ အဲ့ဒီ လမ်းကြောင်းက အဓိက မိန်းလမ်းကြောင်းဖြစ်တယ် ၊ ချင်းပြည်နယ် မြောက်ပိုင်းကို စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ဝင်လမ်းတခုရှိတယ် ၊ အဲ့ဒီလမ်းကြောင်းက သိုင်ငင်းရွာတိုက်ပွဲစကတည်းက လမ်းပိတ်ထားတာ ရက် ၂၀ ကျော်လောက်ရှိနေပြီ ၊ အတက်ကားတွေနဲ့ အဆင်းကားတွေက ဗားလုံမှာ ပိတ်မိနေတာ တလနီးပါးရှိနေတယ် ၊ ချင်းပြည်နယ်ကို ဝင်လမ်း ၃ ခုအနက်က နှစ်လမ်းပိတ်ခံထားတယ် ၊ ကျန်တလမ်းက အသုံးပြုသူနဲ့ ကုန်သွယ်မှု နည်းတာကြောင့် အသွားအလာ မရှိဘူး ” လို့ ပြောပါတယ်။

 

အဲ့ဒီအပြင် ဒီမနက် ၁၀ နာရီဝန်းကျင်က မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီစံပြကျေးရွာ ၊ မုံရွာ – ဂန့်ဂေါ – ဟာခါးကားလမ်းဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် သုံးယောက် ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW