ဒီဇင်ဘာ ၊ ၁၉ ၊ ၂၀၂၃
SP (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ပြင်မှာ ဖွင့်လှစ်ထားတဲ့ နည်းပညာ တက္ကသိုလ်ကျောင်းကို လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အတွက်ဆိုပြီး မနေ့ ဒီဇင်ဘာ ၁၈ ရက်စပြီး ယာယီကျောင်း ပိတ်လိုက်တယ်လို့ ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” လားရှိုး နည်းပညာ တက္ကသိုလ်က မြို့ပြင်မှာ ရှိတယ် ၊ အဲ့ဒီ တက္ကသိုလ်ရဲ့ နောက်မှာ တောတွေ ၊ တောင် တန်း တွေရှိတယ် ၊ နောက်ပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက အဲ့ဒီ ကျောင်းနားဝန်ကျင်ဘက်ကနေ လာရောက်နိုင်တာကြောင့် လုံခြုံရေးအရ ကျောင်းကို ပိတ်လိုက်တာ ဖြစ်မယ် “လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။
အဲ့ဒီ နည်းပညာ တက္ကသိုလ် ပညာရေး ဝန်ထမ်းတယောက်က ” ကျောင်းကတော့ ယာယီပိတ်လိုက်တယ် ၊ ပညာ ဆက်သင်မယ့် ကျောင်းသား ၊ ကျောင်းသူတွေကို တောင်ကြီး ၊ မန္တလေး စတဲ့ နည်းပညာ တက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရအောင် စီစဥ်ပေးထားတယ် ၊ ဒါ့အပြင် ဝန်ထမ်းပိုင်းက ဆရာ ၊ ဆရာမတွေလည်း ပြောင်းရွေ့ တာဝန်ထမ်းဆောင်ကြမယ် ” လို့ ပြောပါတယ်။
လားရှိုး နည်းပညာ တက္ကသိုလ်မှာ ရှိတဲ့ ကျောင်းသားရေးရာ မှတ်တမ်းတွေ ၊ ကျောင်သုံး ၊ ရုံးသုံး ပစ္စည်းတွေကို မနေ့က လားရှိုးမြို့ပေါ်က လုံခြုံစိတ်ချရတဲ့ နေရာတခုဆီ ပြောင်းရွေ့ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ကလည်းလားရှိုးတက္ကသိုလ်မှာ တက်ရောက် ဖြေဆိုနေတဲ့ အဝေးသင် စာမေးပွဲကို ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
နေပြည်တော် အခြေစိုက် အရပ်ဘက် ပညာရေး သုတေသန ပညာရှင် တယောက်က ” အခုရက်ပိုင်း အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ ဇုန်တွေထဲမှာ ရှမ်းပြည်နယ်မြောက်မှာ လားရှိုးတက္ကသိုလ်ရှိတယ် ၊ ကယားပြည်နယ်ထဲမှာ လွိုင်ကော် တက္ကသိုလ်ရှိတယ် ၊ အဲ့ဒီ တက္ကသိုလ် နှစ်ခုအနက် လွိုင်ကော် တက္ကသိုလ်မှာဆိုရင် ဒီရက်ပိုင်းမှာ တက္ကသိုလ် စီးနင်းခံရတယ် ၊ ဆရာ ၊ ဆရာမ ၁၃၄ ဦးနဲ့ ၊ အဲ့ဒီ မိသားစုဝင် ၆၄ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ် ၊ အဲ့ဒီထဲက ဝန်ထမ်း မိသားစုတွေနဲ့ ဝန်ထမ်းတချို့ ပြန်လွတ်လာတယ် ၊ တချို့လည်း ဒီကနေ့အထိတိုင်အောင် ကျန်နေသေးတယ် ၊ အဲ့ဒီ ဖြစ်စဥ်ကြောင့် လားရှိုး နည်းပညာတက္ကသိုလ်က တိုက်ပွဲဇုန်ထဲမှာဆိုတော့ သူတို့လည်း ပြင်ဆင်စရာ အကြောင်းရှိနိုင်တယ် ၊ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်စလို့ ပညာရေးကျောင်းတွေ အစုံအလင် မဖွင့်နိုင်ဘူး ၊ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ ၂၀ ရာခိုင်နူန်းလောက်ပဲ ပြန်ဖွင့်နိုင်တယ် ၊ ကျန်တဲ့ကျောင်းတွေက အခုထိ ပြန်မဖွင့်နိုင်သေးဘူး ၊ အခြေခံပညာ မူလတန်း ၊ အလယ်တန်း နဲ့ အထက်တန်းကျောင်တွေ ပိတ်ခံထားရတာ ၊ ကန့်သတ်ခံရတာ အဲ့ဒီ အဆင့်ကထက် ကျော်လွန်ပြီး တက္ကသိုလ် အဆင့်ထိပါ ကူးစက်လာနေတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်မှာရှိတဲ့ မြို့ကြီး အချို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ၊ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်တာ နဲ့ လူ ငါးယောက်ထက် ကျော်လွန်၍ မစုဝေးရ ဆိုတာတွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။