ဒီဇင်ဘာ ၊ ၂၀ ၊ ၂၀၂၃
SP ( VOM)
ပြီးခဲ့တဲ့ နိုဝင်ဘာကစလို့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့နဲ့ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ နေ့စဥ် နီးပါး ဖြစ်ပွားနေတာကြောင့် စာသင်လက်စ ကျောင်းသား ၊ ကျောင်းသူတွေဟာ ယာယီတိုက်ပွဲရှောင် ပြေးလွှားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီလို ယာယီတိုက်ပွဲရှောင် နေရတဲ့ မိသားစုတွေထဲက ပညာရေးကို ဆက်လက်သင်ယူခွင့်ရဖို့အတွက် စစ်ကိုင်းမြို့မှာ ရှိတဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာ ပညာရေး စင်တာ ( International Buddhist Education Centre (IBEC) ကျောင်းက ပညာရေး လုပ်ထုံးလုပ်နည်း ၊ မူဝါဒနဲ့အညီ ဆက်လက် ပညာသင်ယူခွင့်ကို ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
” ဆရာတော်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆေးကုသနေတယ် ၊ ကောလင်းနဲ့ ထီးချိုင့်နယ်ဘက်က ယာယီတိုက်ပွဲရှောင် ကျောင်းသားတွေရဲ့ ပညာရေး မဆုံးရှုံးဖို့ ဆိုပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၁၂ ရက်မှာ ဆရာတော် က အချက် ၅ ချက်နဲ့ မိန့်ကြားတယ် ၊ ဆရာတော်ရဲ့ မိန့်ကြားချက်နဲ့ အညီ ယာယီတိုက်ပွဲရှောင် ကျောင်းသားတွေကို ပညာသင်းကြားပေးနေတာဖြစ်တယ် ၊ ပညာသင်ယူဖို့ အခက်အခဲရှိတယ်ဆိုရင် လူကိုယ်တိုင်ဖြစ်စေ ၊ ဖုန်းနဲ့ဖြစ်စေ IBEC ကျောင်းကို ဆက်သွယ်လို့ရတယ် ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ ၊ 09 797778535, 09 443168036, 09 791533722, 09 797840 197, 09 761090621, 09 400 547721, 09 798716259 ဖြစ်တယ် ” လို့ IBEC ပညာရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါ့အပြင် IBEC သင်ကြားရေး ဆရာမ တယောက်က ” ကျောင်းသား ၊ ကျောင်းသူ အားလုံး လေးထောင်ကျော်ရှိတယ် ၊ အရင်က တန်းခွဲ တခုမှာ ကျောင်းသား ၄၀ ကျော်ပဲ သင်ရတယ် ၊ အခု IBEC ကျောင်းမှာ တန်းခွဲတခုမှာ လူတရာကျော် သင်ရတယ် ၊ အများစုကတော့ ယာယီ တိုက်ပွဲရှောင် ကလေးတွေဖြစ်တယ် ” လို့ ပြောပါတယ်။
ကောလင်းမြို့ကနေ စစ်ကိုင်းမြို့ကို ယာယီတိုက်ပွဲရှောင် ရောက်နေတဲ့ ကျောင်းသားမိဘ တယောက်က ” ကောလင်းနယ်ဘက်ကနေ စစ်ကိုင်းကို ခိုလှုံဖို့ရောက်လာသူ ခန့်မှန်းချေ သုံးရာလောက်ရှိတယ် ၊ နောက်ပြီး ဝန်းသို ၊ ထီးချိုင့် ၊ အင်းတော် ဘက်ကလူတွေလည်း ရှိတယ် ၊ အားလုံးပေါင်းရင် သုံးလေးထောင် ရှိမယ် ၊ အခု လောလောဆယ်တော့ စစ်ကိုင်းတောင်ရိုးက သီလရှင်းကျောင်းတွေနဲ့ တခြား ဘုန်းကြီးကျောင်းတွေမှာ နေကြရတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ အခုထိ စစ်ကိုင်းတိုင်းထဲမှာ အခြေခံပညာရေး ကျောင်း ၈၀ ရာခိုင်နူန်း ပိတ်ထားရပြီး ၊ ၂၀ ရာခိုင်နူန်းနဲ့ ပညာသင်ကြားနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
” စစ်ကိုင်းတိုင်းမှာ မြောင် ၊ မြင်းမူ ၊ ချောင်းဦး ၊ ဝက်လက် ၊ အရာတော် ၊ ဒီပဲယင် ၊ ခင်ဦး ၊ ရေဦး ၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ ကောလင်း ၊ ဝန်းသို ၊ ပင်လည်ဘူး ၊ ဗန်းမောက် ၊ အင်းတော် ၊ ထီးချိုင့် ၊ တန့်ဆည် ၊ မင်းကင်း ၊ ကနီ ၊ ယင်းမာပင် ၊ ပုလဲ ၊ ဆားလင်းကြီး စတဲ့မြို့နယ်တွေမှာ အခြေခံပညာ စာသင်ကျောင်း ၉၀ ရာခိုင်နူန်း ဖွင့်နိုင်ခြင်း မရှိသေးဘူး” လို့ ပညာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီလို အခြေခံ ပညာ စာသင်ကျောင်းတွေ ၁၀ ရာခိုင်နူန်းပဲ ဖွင့်လှစ် သင်ကြားနိုင်တဲ့ မြို့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး (Martial Law) နယ်မြေအဖြစ်တဲ့ ထုတ်ပြန်ခဲ့တဲ့ မြို့နယ်တွေ အများစုပါဝင်တယ်လို့ သိရပါတယ်။