ဒီဇင်ဘာ ၂၆၊ ၂၀၂၃
Shy (V)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး – နမ္မတူ လမ်းနဲ့ နမ္မတူ – မူဆယ် လမ်း လောလောဆယ် သွားလာခွင့် ပိတ်ထား ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ခု အီနိုင်း ကနေ လားရှိုး သွားလို့မရဘူး။ ပြီးတော့ လားရှိုး ကနေ မူဆယ်ကိုလည်း နမ္မတူကနေသွားလို့မရတော့ဘူး။ ဒီဇင်ဘာ ၂၅ ရက်နေ့ကစ ပိတ်တယ်။ မူဆယ် ပြန်တက်မရဘူး။” လို့ ခရီးသွား နေတဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။
လမ်း သွားလာခွင့် ယာယီ ပိတ်ထားတာကြောင့် နမ္မတူ ကနေ လားရှိုးဘက် စစ်ဘေးရှောင်လာသူတွေ အများအပြား လားရှိုး – နမ္မတူ လမ်းမ ပေါ်က မန်စံ ရွာမှာ လူနဲ့ ကားတွေပိတ်မိနေပြီး ပိတ်မိနေသူတွေ ဘယ်လောက်ရှိတာကိုတော့ အတိအကျမသိရဘူး လို့ သူက ပြောပါတယ်။
လားရှိုးဒေသခံ တယောက်ကတော့ လားရှိုးကနေ နမ္မတူ သွားတဲ့ လမ်းဘက် စစ်တပ် ဘက်က ပိတ်ထားတဲ့ နေရာတွေ ရှိသလို TNLA ဘက်က ပိတ်ထားတဲ့ နေရာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
“နမ္မတူ ကနေ လားရှိုးဘက် တက်လာတဲ့ စစ်ရှောင်တွေက မန်စံမှာ ပိတ်မိနေတာ။ မန်စံ ကနေ ကျော်လာရင် လားရှိုး မရောက်ခင် အီနိုင်းမှာက TNLA တွေ ပိတ်ထားတယ်။ အီနိုင်းမှာလည်း ကားတွေ ပိတ်မိနေတယ်။ အီနိုင်း အကျော် ဒီ နောင်လိုင်ရွာမှာက စစ်တပ်က ပိတ်ထားတယ်။ နမ္မတူ လမ်းဆုံ နားက လားရှိုး အဝင်ဘက် ဂိတ်လည်း ပိတ်ထားတယ်။ မနေ့ကတည်းက” လို့ သူက ပြောပါတယ်။
လားရှိုး ကနေ မန္တလေးဘက် အထွက် မယ်ဟန်ဂိတ်ကိုတော့ မနေ့က နေ့ခင်းပိုင်း လားရှိုးမြို့ထဲ အဝင်အထွက် ပိတ်ထားပေမယ့် မနေ့ညနေပိုင်းမှာ အဝင် အထွက် ပြန်ရတယ်လို့ သူက ပြောပါတယ်။
“အခု တမျိုး၊ တော်ကြာ တမျိုးပါ။ အခြေအနေက ခဏခဏ ပြောင်းတယ်။ မယ်ဟန်ဘက်က မနေ့က နေ့ခင်း ပေးမဝင်ဘူး။ ညနေပိုင်း ပြန်ပေးဝင်တယ်။ ပေးဝင်တဲ့ သူတွေကိုလည်း ပေးမထွက်တော့ဘူး။ အရမ်းကြီး ပေးဝင်နေတာလည်း မဟုတ်ဘူး။ တန်းစီနေတဲ့ လူတွေကို ရှင်းလိုက်တာ။ ပေးဝင်ပြီး မပြန်ထွက်ခိုင်းတော့ဘူး။” လို့ သူက ပြောပါတယ်။
စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ်တွေ စစ်ရေး တင်းမာနေတဲ့နေရာ ဒေသတွေမှာတော့ အခုလိုပဲ လမ်းတွေကို သွားလာခွင့် ပိတ်ထားတာကြောင့် ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
Photo Crd# Original Uploader