ကိုးတာမီးကြီး နှင့် မန္တလေးမီးသတ်

ဆူးငှက်

 

ကုန်းဘောင်ခေတ်၏ နောက်ဆုံးမျိုးဆက် သီပေါဘုရင် ပါတော်မူပြီး အင်္ဂလိပ်လက်ထက် ၁၂၇၁-ခုနှစ်၊ ကဆုန်လဆန်း၅-ရက်၊ ခရစ်နှစ် ၁၉၀၉ခုနှစ် ဧပြီ ၂၃ရက် နေ့တွင် မန္တလေးမြို့ အနောက်ပြင် ပြည်ကြီးပျော်ဘွယ်ရပ်ကွက် အကွက်နံပတ် ၂၇၂ ရှိကိုးတာ ဝင်းမှ ကိုးတာမီးကြီး လောင်ရာ ၃၅ အေလမ်းမြောက်ဘက်အနီးမှ စတင် လောင်သော မီးသည် မြောက်ဘက် ၂၆ဘီလမ်း၊ ၂၂စီလမ်း မှသည် ၁၉ဒီလမ်းအထိ မပြီးဆုံးနိုင်ဘဲ ရွှေပြည်ရပ်ကွက် အထိ ကူးစက်ခဲ့သည်။ မီးမှာ ကိုးတာဝင်းအတွင်း အိမ်က ငါးကြော်ရာမှ စတင်လောင်ကျွမ်းရာ အိမ်ခြေထူထပ်ပြီး အဝင်အထွက် လမ်းများ ကျဉ်းမြောင်းသဖြင့် အင်္ဂလိပ် မီးသတ်အဖွဲ့၏ မြင်းဆွဲ မီးသတ်ရထားများလည်း ဝင်ရောက် ညှိမ်းသတ်ရန် အခက်အခဲရှိသောကြောင့် အိမ်ခြေ ၂၈၀၀ ကျော် မီးဘေးသင့်ခဲ့သည်။

 

 

ထိုမီးဘေးက အိမ်တော်ရာဘုရားအတွင်းရှိ ၁၄ခန်းဇရပ် အပါအဝင် ဇရပ် တန်ဆောင်းများလည်း လောင်ကျွမ်းခဲ့ သည်။ ထိုမျှမက အိမ်တော်ရာဘုရား အနောက်မုခ်အနီးရှိ မဟာဝေယန်ဘုံကျော် မိုးကောင်းကျောင်းတိုက် အတွင်းမှ အမရပူရခေတ် ပုဂံဘုရင်နှင့် မိုးကောင်းမိဖုရားတို့၏ ကောင်းမှု ကုသိုလ်ဖြစ်သော မိုးကောင်း မဟာဝေယန်ဘုံကျော် ကျောင်းတော်ကြီးသည် မီးသင့်ရာပါသွားခဲ့ခြင်းက တန်ဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုဟု ဆိုရပေမည်။

 

မဟာဝေယန်ဘုံကျော် မိုးကောင်းတိုက်

ထို့ပြင် ဂွေးချိုတိုက် စသည့် ဘုန်းကြီးကျောင်းတိုက်ကြီးလည်းမီးသင့်သောကြောင့် အနီးအနားရှိ ခင်မကန်၊ စကု၊ တောင်သမန်၊ ရတနာပုဂံ၊ ထီးလင်းစသော ကျောင်းတိုက်များမှ ရဟန်းသံဃာတော်များ ကိုယ်တိုင် မီးညှိမ်းသတ်ရပုံကို ထိုစဉ်ကနာမည်ကျော် လူရွှင်တော်ကြီး ဦးချစ်ဖွယ် မစိန်သုံ အငြိမ့်အဖွဲ့ လူရွှင်တော် ဦးချစ်စရာကြီး ရွတ်ဆိုခဲ့သည့် လင်္ကာတွင် “… သင်္ကန်းဟာ ခါးတောင်းကျိုက်ပြီး ခင်မကန်ကျောင်းတိုက်က ဘီလူးပမာ က ခဲ့ သကဲ့သို့၊ ဒူးအနာထန် ခြေတမျိုးမလှမ်းနိုင်ဘု၊ ဦးဝါသဝရေ ရေအိုးထမ်းခဲ့ပါဦးလို့ ပြေတမျိုးဖြန်းပြီး တိုက်အုပ်ကမ ခေါ်တော့မှ ပုရပိုက်အထုပ်နော် စာမရသည့်ပြင် စာတိုက်ပါပြုတ်ပြီနော် ဒကာ ဒကာမတို့ရဲ့ ပြာကျပြီး မီးအတွင်းရှုလိုက်ကြတော့ ကြေးဆင်းတုပလ္လင်ပါ လောင်ပါရော ခြင်ထောင်ပါသားရေနွယ်ကောသည့်ပြင် ရှင်တထောင် ရေလယ်မျောသည်သို့ သေငယ်ဇောနှင့် ဘုန်းတသီးတို့မှာ ကရုန်းကရင်းထိပ်စွာ ကြီးစွာဝင်ပါလားလို့ ငုံးမင်းပရိတ် စည်းကာရွတ်သော်လည်း မီးတကာမလွတ်ပေါင် အလောင်ပြင်းလှချည့် တောင်အဆင်းဖရဲသီ မောင်ပဉ္စင်း သင်းပိုင်မှ မပါဘူးလို့ လက်မှိုင်ချကာ ချွေးတပြိုက်ပြိုက်နှင့် ဂွေးချိုတိုက် ကူးပါရော..” စသည်ဖြင့် ပါရှိခဲ့သည်။

 

 

ထိုနှစ်တွင် ပျံလွန်တော်မူသော ဆရာတော် ဦးနာဂိန္ဒ ရုပ်ကလာပ်တော်ကို  ဈာပနပွဲ မကျင်းပမီ မိုးကောင်းတိုက်ကျောင်းကြီးပေါ်၌ ပူဇော်ထားရာ ကျောင်းကြီး မီးသင့်သောအခါ ဦးဇာဂရသည် ရုပ်ကလာပ်ကို ထမ်း၍ ပိဋကတ် တိုက်ကျောင်း(စိန်ပန်းကျောင်း)ထဲ ထိုးထားလိုက်သောကြာင့် မီးထဲပါမသွားခဲ့ပါ။ ဆရာတော်ကြီး၏ ဈာပနပွဲကို ခမ်းခမ်းနားနား ကျင်းပပူဇော်လိုက်ရသောကြောင့် အများက ဦးဇာဂရကို ကျေးဇူး တင်ကြသည်။

 

 

မီးဘေးသင့်သွားသော ထို မဟာဝေယန်ဘုံကျော် မိုးကောင်းတိုက် ကျောင်းတော်ကြီးနေရာ၌ မိဖုရားကောင်းမှု ရွှေကျောင်းတော်ကြီးကဲ့ ကျောင်းတော်ကြီးတစ်ဆောင် အသစ်ထပ်မံ ပေါ်ပေါက်လာရန်မှာ မိုးကောင်းတိုက် ဆရာတော် များနှင့်  ဒကာဒကာမများအားလုံး၏ ဆန္ဒဖြစ်ပါ၏။ သို့သော် မူလကျောင်းတော်ကြီး ပြန်လည်တည်ဆောက်နိုင်ဖို့က မလွယ်ကူတော့ပေ။

 

ယခုမီးလောင်ဆုံးရှုံးခံရသည့် နှစ်ကာလက ယခင်လို ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့် လိုချင်သမျှ လက်ညှိုးညွှန်လျှင်ရနိုင်သည့် အခြေအနေမဟုတ်တော့။ ယခုလောင်သည့် ကိုတာမီးကိစ္စတွင်ပင်ကြည့်ပါ။ ယခင်ကဲ့သို့ သဘာဝဘေးဟူ၍ ပေါ့တန်လို့ မရတော့။ အင်္ဂလိပ်အစိုးရ၏ ဗြူရိုကရေစီ ယန္တယားအောက်ရှိ မီးသတ်ဌာန၏ ကြီးကြပ်မှုအရ ငြိမ်းသတ်ရပြီး နောက်ဆက်တွဲ ဖြေရှင်း ရသည်များလည်းပါဝင်လာသည်။

 

 

မန္တလေးသည် ၁၈၈၅ခုနှစ် နိုဝင်ဘာ၂၉ရက်နေ့တွင် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီးနောက် ၁၈၈၇ခုနှစ်တွင်မန္တလေးမြူနီစီပယ်ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၁နှစ်အကြာမှ မန္တလေးမီးသတ်ဌာနကို ၁၈၉၈ခုနှစ်တွင် တည်ထောင်ခဲ့သည်။ထို့ကြောင့် မန္တလေးမီးသတ်ဌာန သက်တမ်းကား ယခု ၂၀၂၂ခုနှစ်တွင် ၁၂၄နှစ် တင်းတင်း ပြည့်လေပြီ်။ မန္တလေးမီးသတ်ကိုစတင်တည်ထောင်စဉ်က တာဝန်ခံဗိုလ်မှာ မစ္စတာဝီလကင်ဆင် ဖြစ်သည်။ မီးသတ်ဌာန တည်ထောင်ပြီး မစ္စတာဝီလကင်ဆင်ကတာဝန်ခံဗိုလ်အဖြစ် ဦးဆောင်ခဲ့ပြီးနောက် အင်္ဂလိပ်လူမျိုးမီးသတ်ဗိုလ် အဆက်ဆက်မှာ (၁) မစ္စတာ ဝီလကင်ဆင် (၂)မစ္စတာဒိုဇီ၊(၃) မစ္စတာလစ်တယ်လ်၊ (၄) မစ္စတာဂင်းနစ်၊(၅) မစ္စတာနယူးလင်းတို့ ဖြစ်ပြီး မြန်မာလူမျိုး မီးသတ်ဗိုလ်အဖြစ် ပထမဆုံးတာဝန်ယူခဲ့သူမှာ ဦးမောင်မောင် ဖြစ်သည်။ မန္တလေးမီးသတ်ဌာနကို တာဝန်ယူခဲ့ကြသည့် အင်္ဂလိပ်မီးသတ်ဗိုလ်များအနက်မစ္စတာနယူးလင်းမှာ မီးသတ်ပညာ အရည်အချင်းများနှင့် ထူးချွန်ပြည့်စုံသူ ဖြစ်ပြီးပထမဆုံး မြန်မာမီးသတ်ဗိုလ် ဦးမောင်မောင်သည် မစ္စတာနယူးလင်း လက်အောက်တွင် ၁၃နှစ်ကြာမျှ မီးသတ်ပညာများကို လက်ပွန်းတတီး သင်ယူခဲ့ရသည်ဟု သိရှိရသည်။

 

 

ရှေးခေတ်မီးသတ်

ထိုစဉ်က မီးသတ်စက်မှာ ရေနွေးငွေ့နှင့် မောင်းနှင်ရပြီး မြင်းများနှင့် ဆွဲရ၏။ ထို့ကြောင့် မီးငြိမ်း သတ်ရာတွင်ခက်ခဲ နှောင့်နှေးတတ်သည်။ မီးသတ် အင်အားအနေနှင့် မီးသတ်တာဝန်ခံချုပ်(မီးသတ်ဗိုလ်) ၁ဦး၊ ဒုတိယ တာဝန်ခံ ၁ဦး၊ ကားမောင်းသူ(နောက်ပိုင်းကာလများ) ၄ဦး၊ ရေနွေးအိုးစက်ဆရာ ၂ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ တပ်စိပ်မှူး ၃ဦး၊ မီးသတ် အလုပ်သမား၃၂ဦး၊ မြင်းထိန်းဆရာ ၉ဦး၊ လက်သမာ ၁ဦး တို့ ပါဝင်သည်ဟု ဆိုသည်။ ထိုစာရင်းက ဒုတိယကမ္ဘာစစ် မဖြစ်မီက စာရင်းဟုလည်း သိရသည်။ ထိုစဉ်က မီးသတ်စက်များသည် မီးထိုး ရေနွေးငွေ့အားသုံး စက်များဖြစ်သည့် အပြင် စက်များ တင်ဆောင်ထားသော ယာဉ်ကို မြင်းများနှင့် ဆွဲရသောကြောင့် မီးလောင်လျှင် လောင်ချင်း အဆင်သင့် အသုံးပြုနိုင်ဖို့ အခက်အခဲ ရှိသည်။

 

 

ထိုစဉ်ကာလ မီးလောင်မှု အများစုမှာ သစ်ဝါးများသာ အသုံးပြုသော လူနေအိမ်ခြေများတွင် မီးကိုဂရုမစိုက်ဘဲ ပေါ့ဆစွာ သုံးစွဲကြခြင်းကြောင့် မလောင်သင့် မလောင်ထိုက်ဘဲ လောင်ကျွမ်း ဆုံးရှုံးခဲ့ကြရသည်ဟု မီးသတ်ဌာနက သုံးသပ်ခဲ့သည်။ဥပမာအားဖြင့် သက္ကရာဇ် ၁၂၇၃ (ခရစ်နှစ် ၁၉၁၁) ဝန်းကျင်က လောင်ကျွမ်းခဲ့သော ကိုးတာမီးဟု အမည်တွင်သည့် မန္တလေးအနောက်ပြင် ပြည်ကြီးပျော်ဘွယ် ရပ်ကွက်ကြီးရှိ ကိုးတာရပ်မှ စတင် လောင်ကျွမ်းသော မီးကြီးသည်  အဖိုးမတန်သော တဲငယ်လေးတစ်လုံးမှ ပေါ့ဆမီးကြောင့် မန္တလေးအနောက်ပြင် တစ်ခြမ်းလုံးရှိ လူနေရပ်ကွက်များ သာမက သာသနိက အဆောက်အအုံအတော်များများ မီးဘေးသင့် ဆုံးရံှုးခဲ့ရဖူးသည်။

 

 

ကိုးတာမီးကြောင့် အိမ်ခြေပေါင်း ၁၃၀၀ကျော်၊ စက်ရုံပေါင်း ၁၆လုံး၊ မိုးကောင်းကျောင်းတိုက်ကြီးမှကျောင်းဆောင်များ၊ မဟာလောကရံသီ အိမ်တော်ရာစေတီဝင်းအတွင်းမှ ၁၄ခန်းဇရပ် အပါအဝင် ဇရပ်တန်ဆောင်းများ မီးဘေးသင့် ဆုံးရှုံးခဲ့ရသည်။ ထိုစဉ်က မီးသတ်စက်များ ခေတ်မမီမှု၊ ရေရှာပါးမှုများကြောင့် တစ်ဦးတစ်ယောက် ပေါ့ဆမှုမှသည်ကြီးမားနစ်နာသော ဆုံးရှုံးမှု ကြုံတွေ့ရခြင်း ဖြစ်သည်ဟု သိရ၏။ ကိုးတာမီးကြီး လောင်စဉ်က ၇ရက်နှင့် ၇ညတိုင် မီးငြိမ်းသတ်ခဲ့ရသကဲ့သို့ ထိုစဉ်က မီးလောင်ကျွမ်းမှုများတွင် မြို့လူထုက အကူအညီပေးရကောင်းမှန်း မသိကြပါဟု ပထမဆုံး မြန်မာလူမျိုးမီးသတ်ဗိုလ်ဖြစ်သည့် ဦးမောင်မောင်က လူထုသတင်းစာတွင် မန္တလေးမီးသတ်ဌာန ရာဇဝင် ဟူ၍ ရေးသားခဲ့သည်။

 

မီးသတ်တာဝန်ခံချုပ်၊ မန္တလေးမြူနီစီပယ်ဟု သူ၏ရာထူးကို ဖော်ပြထားသည့် (၁၃၊၃၊၅၃) ရက်စွဲပါ ထိုအစီရင်ခံစာတွင် မြို့ပေါ်တွင် မီးသတ်ဌာနခွဲများ အလျင်အမြန်ဖွင့်လှစ်ရန် အရေးကြီးကြောင်းလည်း ထည့်သွင်း ရေးသားခဲ့၏။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ကိုးတာမီးကြီးနှင့်မန္တလေးမီးသတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW