ဗဟိုဘဏ်က ကန်ဒေါ်လာ ၁၃ သန်းနီးပါး ထုတ်ရောင်းပေးပြီး တရုတ်ယွမ်ငွေတွေလည်း ထုတ်ပေး

 

ဇန်နဝါရီ ၃ – ၂၀၂၄

SN (VOM)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၄ ခုနှစ်၊ နှစ်ဦးမှာ အမေရိကန်ဒေါ်လာ ၁၃ သန်းနီးပါးကို ဈေးကွက်ဈေးနှုန်း (Market Rate) အတိုင်း ထုတ်ရောင်းပေးပြီး ကျပ်ငွေ အပေါင်ယူကာ ကန်ဒေါ်လာ လေးသန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေတွေကိုလည်း ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဇန်နဝါရီ ၁ ရက်နေ့က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းကို အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး အမေရိကန်ဒေါ်လာ လေးသန်းနဲ့ညီမျှတဲ့ တရုတ်ယွမ်ကို SWAP Facility ပေးခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

SWAP Facility ဆိုတာဟာ ကျပ်ငွေကို အပေါင်ယူပြီး အဲ့ဒီ့ ငွေပမာဏနဲ့ညီမျှတဲ့ နိုင်ငံခြားငွေ ထုတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြား‌သုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်တွေကို နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) မှာ အ‌ရောင်းအဝယ်ပြုလုပ်ရာမှာ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ပေးမှာ မဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတို့မှ တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ရောင်းချသူနဲ့ ဝယ်သူတွေက သတ်မှတ်ထားတဲ့ Online trading Fx market ရဲ့ တရားဝင် exchange rate တွေကို ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုက်မှာ ရယူနိုင်ပါတယ်” လို့ အဲ့ဒီ့ဘဏ်ရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးအောင်အောင်က ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ Online trading ငွေလဲနှုန်းကို အရင်က ၂၉၂၀ နှုန်းထား သတ်မှတ်ထားရာမှ ဒီဇင်ဘာ ၅ ရက်မှစတင်ကာ Market rate အတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုထားခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် စုစု‌ပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၁၅ သန်း ရောင်းချပေးခဲ့တာမှာ ၁၈ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ၂၁ ရက်နေ့မှာတော့ ဒုတိယအကြိမ်အဖြစ် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာနောက်ဆုံးပတ်မှ စတင်ကာ ငွေလဲလှယ်နှုန်းတွေ တည်ငြိမ်လျက်ရှိနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW