လက်ဆည်ကန် ဝင်းလိုက်ရုံရှေ့ က၊ လွတ်လပ်ရေး အကြိုည

 

ဆူးငှက်

 

လွတ်လပ်ရေးနေ့ အကြိုညတွင် မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့၌ မြို့မတူရိယာအဖွဲ့က မြို့လူထုကို သီဆို တီးမှုတ်ဖျော်ဖြေခဲ့သတဲ့။

 

ထိုပွဲတွင် သီချင်းတစ်ပုဒ်ကို မြို့မကတီးမှုတ်ရာတွင် ကမ္ဘာ့သင်္ကေတနည်းပညာ(music notes) တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ ရှေ့တွင် သင်္ကေတ စာရွက်များ ချထားကာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသတဲ့။ ထိုနေ့ညက ထိုသီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်တဲ့။ တီးမှုတ်ကြသည့် မြို့မ အဖွဲ့သားများမှာ တယော၊ ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန်္ဒရားမပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို solo ကိုတောင်မြို့ ဦးကိုလေးက မှုတ်ပြီး ကိုတင်အေးတို့က ဘယ်သံ စက်္ကင်း(second)မှုတ်ကြရသည် ဆို၏။

 

နောက်ရက် ဇန်နဝါရီလ (၄)ရက်နေ့ လွတ်လပ်ရေး အောင်ပွဲအခမ်းအနားကို မန္တလေး မြို့၌  နန်းတွင်းရှိ (ယခုကျောက်တိုက်ကွင်းနေရာ) ကွင်းပြင်ကြီး၌ ကျင်းပခဲ့သည်။ အောင်ပွဲ အခမ်းအနားကြီးတွင် မြို့မတူရိယာအသင်းက မနေ့ညကလက်ဆည်ကန်တွင် သီဆိုတီးမှုတ်ခဲ့သော သီချင်းဖြင့် တီးမှုတ်ဖွင့်လှစ်ခဲ့၏။ ထိုနေ့တွင်တော့ တီးမှုတ်သူ အသင်းသားများ ဝိုင်းအပြည့် အစုံအလင် ပါဝင်လာသည်။ မနေ့ညက အလင်းသားများအပြင် စန္ဒရားကိုတူ၊ တယော ကိုအောင်ကြီး၊ ကိုဘသိန်းလေး(သခင်)၊ ကိုစံဒွန်း၊ ထရမ်ဘုံးကိုတင်ကြီး၊ ဖလု ကိုဖူးဝှမ်း၊ စပင်းနစ်ဂီတာ မောင်မောင်ကြီးတို့လည်း အားဖြည့် ပါဝင်လာကြ၏။

 

တကယ်တော့ မန္တလေး မြို့ရှိ စာရေးဆရာများ အနုပညာရှင်များက လွတ်လပ်ရေး အောင်ပွဲ အခမ်းအနားအတွက် ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်တွင် စုဝေးကာ ကြိုတင်ပြင်ဆင်ကြသည်။ ထို့နောက် မန္တလေး မြို့က ဂီတစာဆိုကြီး(၈)ဦးတို့က တစ်ယောက်တစ်ပိုဒ်စီ ပူးပေါင်းပြီး လွတ်လပ်ရေးဂုဏ်ပြု သီချင်းတစ်ပုဒ်ကို စုပေါင်း ရေးစပ်ခဲ့ကြသည်။

ထိုပညာရှင်(၈)ဦးမှာဆရာထာ၊ ဆရာခင်၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတာဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့ဖြစ်ကြ၏။ ဤသို့ ရေးဖွဲ့ရာတွင် အငြိမ့်သီချင်းများ ရေးဖွဲ့ရာတွင် ကျော်ကြားသော တေးရေးဆရာထာက “အောင်သံမြေမိုး၊ ဝေဖြိုး ခြိမ့်ခြိမ့်ညံ၊ ကိုယ်ပိုင်ရတာ” ဟု အဖွင့် ရေးစပ်ပြီး နန်းတော်တောင် ဆရာခင်ဟု အမည်ရသည့် တေးရေးဆရာခင်က “တိုင်းမြန်မာ ကမ္ဘာလုံး၊ ဥဒါန်းကြွေးလူရေးသာ၊ တိုင်းပြည်တော်သစ် တည်ဆောက် ဖြစ်မြောက်လာ၊ ပျော်ရွှင် ချမ်းသာ၊ စိုးပိုင်လာ၊အောင်သော နေ့ကြီးပါ၊ ခိုင်မြဲစွာ” ဟု ဆက်လက် စပ်ဆိုသည်။

 

 

ထို့နောက် မြို့မတူရိယာအသင်း၏ ခေါင်းကိုင် ဖခင်ကြီးတစ်ဦး ဖြစ်သူ ဆရာမြို့မငြိမ်းက “လွတ်လပ်သော တိုင်းကြီးသား၊ ဒို့ဂုဏ်မောက်လို့ကြွား၊ မြင့်မြတ်သော စိတ်ဓာတ်ထား၊ ရဲရင့်ကြစေသား၊ တိုင်းရင်းသား တို့ညီညွတ် သိမှတ်ကာ၊ပြည်ထောင်စုထဲမှာ လူဖြစ်ရသော ငါ၊မာန်ဝင့်ကာ” ဟူသော စာသားကို စပ်ဆိုပြီးနောက် နာမည်ကျော် တေးရေးဆရာနန်းတော်ရှေ့ဆရာတင်က “ကမ္ဘာကြီးပေါ်မှာ၊ လူမျိုးတိုင်းက ကောင်းချီးသြဘာ၊ လွတ်လပ်တဲ့ မျိုးမြတ် မဟာသမတပါ၊ ဒို့ပြည်ထောင်စုမှာ၊ အောင်ဆုဖြာ၊ သော်တာပေါ်လာ၊ မြူးလို့သာ လွတ်လပ်တဲ့ဗမာ” ဟုဆက်လက် စပ်ဆိုသည်။

 

ထပ်မံ၍ မြို့မအသင်းသားကြီး တစ်ဦးလည်း ဖြစ်သူ၊ နောင်တွင် သင်္ဂဟ၊ သီရိမွန်စသည့် တူရိယာ အသင်းများကိုဦးဆောင် တည်ထောင်ခဲ့သူ မန္တလေးဦးဘသိန်းဟု အမည်တွင်မည့် ဂီတာဘသိန်းက “ရဲသွေးနဲ့ ရင့်အပြာ၊ ကြယ်စု ပေါင်းကာ၊ မားမားဝင့်ဝင့် အလံတော်ကြီးပါ၊ ကျက်သရေဖြာ လွှင့်ထူကာ၊ အလေးပြုကာ၊ ထွန်းကား တိုးတက် အခြေတည်လို့လာ၊ ဒို့ပြည်ထောင်စုမှာ အောင်ဆုဖြာ၊” ဟု ရေးဖွဲ့လိုက်ပြီး နာမည်ကျော် တေးရေးပညာရှင် ဆရာညှာက “ဗမာတိုင်းရင်းသား တို့ညီအစ်ကိုများမှာ၊ ဖိနှိပ် ချုပ်ခြယ်ခြင်း လွတ်ကင်းခဲ့ကြတာ၊ ဒို့လိုတာ ပြည့်စုံလာတာ၊ စိတ်ချမ်းသာအခါ၊ စိုင်းပြင်းကြလို့ ဒီအချိန်ရောက်လာ၊ လေးစားခဲ့ကြတာ၊ ညီညွတ်လို့ ဝမ်းသာ၊ ဒို့တာဝန် ဒို့ကျေပြွန်အောင် ဆောင်ရွက်လာ..” ဟု ဆက်လက် ရေးဖွဲ့သည်။

 

ဆက်လက်၍ အငြိမ့်သီချင်းများကို အစဉ်တစိုက် ရေးသားခဲ့သော တေးရေးဆရာရိုက်က “အားတိုက်အင်တိုက်အစဉ်တစိုက် ပခုံးချင်းယှဉ်ကာသာ၊ ခင်မင်ပေါင်းသင်း၊ တိုင်းရင်းသားတို့ စီးပွားရေး ကြီးပွားရေး ထူထောင်၊ အောင်ကြောင်းသာ..” ဟုရေးဖွဲ့ခဲ့သည့် စာသားကို တေးရေး ဆရာလှိုင်က “တိုင်းသစ် ပြည်သစ် ဒီခေတ် နည်းလမ်း၊ ရှာဖွေကာ ပညာ တိုးတက်၊စက်မှု လက်မှု (ကြိုးစားကြ)၂၊ကမ္ဘာမှာ ထင်ရှားစရာ၊ ပြည်ထောင်စု လူထု ချစ်ကြည်စွာ၊ စိတ်ဝမ်းမကွဲဘဲ၊ တည်မြဲကြပေတာ၊ အဲဒါကြောင့် ဒို့ဗမာပြည်ကြီးမှာ လွတ်လပ်ခြင်းဟာ အဓွန့်ရှည်ကြာ၊ ဝပြောသာ” ဟု လက်စသပ်လိုက်သည်။ အဆိုပါစာသားများကို တေးသွားသံစဉ်နှင့် ဂီတသင်္ကေတ နုတ်(စ်)များအား ဆရာမြို့မငြိမ်းက ရေးဖွဲ့ပေးပြီး မြို့မတူရိယာအဖွဲ့က တီးမှုတ်ခဲ့သည်။

 

 

သီချင်းအမည်က “လွတ်လပ်တဲ့ မြန်မာပြည်” တဲ့။ တူရိယာသမားများကမူ သီချင်းအစ စာသားကို မှတ်ပြီး “အောင်သံမြေမိုး” ဟု ပြောဆိုကြသည်။ မန္တလေးမြို့လယ်  လက်ဆည်ကန်ရပ်မှာ တီးမှုတ်သည့် ညက ၁၉၄၈ခု ဇန်နဝါရီလ ၃ရက်နေ့ည ဖြစ်ပြီး နောက်ရက် နန်းတွင်းကျောက်တိုင်ကွင်းမှာ တီးမှုတ်ဖျော်ဖြေသည်က ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက်၊ ပထမဆုံးလွတ်လပ်ရေး အောင်ပွဲ အခမ်းအနားဖြစ်ပါ၏။

 

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW