ဘိုးတော်ဘုရား ဖောက်ခဲ့သည့် ရွှေတချောင်းမြောင်း

ဘိုးတော်ဘုရား ဖောက်ခဲ့သည့် ရွှေတချောင်းမြောင်း

 

ဆူးငှက်

 

ပဒုမ္မာရွှေကြာ၊ ဘိုးတော်စံရာ၊ နတ်ပြည်နှင့်တူလေခြင်း၊ ဘိုးတော်စံခင်း ဟူသည်နှင့်အညီ အမရပူမြို့သည်ခေတ်ကောင်းချိန် ရှေးနှစ်ပေါင်း ၁၈ဝ လောက်ကဆိုလျှင် နတ်ဘုံနတ်နန်းတမျှ ခမ်းနား သိုက်မြိုက်သော မင်းနေပြည်တော်ကြီးဖြစ်ခဲ့ဖူးလေသည်။ သေခြင်းကင်းရာ ပြည်သာယာဟု အဓိပ္ပာယ်ရသည့် အမရပူရမြို့၏ ပထမမြို့တည် နန်းတည်ဖြစ်သော မင်းကား အလောင်းမင်းတရားကြီး၏ စတုတ္ထသားတော် ဖြစ်၍ ကုန်းဘောင်မင်းဆက်၏ ၆ဆက်မြောက်မင်းဖြစ်သည့် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းဖြစ်သည်။ ဗဒုံမင်းသည် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် အင်းဝထီးနန်းကို သိမ်းပိုက် အုပ်စိုးပြီးနေရာမှအင်္ဂလိပ်တို့၏ သင်္ဘောမှာ ရေတက်ချိန်တွင် နန်းတော်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း ရှိကြောင်းသိသဖြင့် မြို့သစ် နန်းသစ်တည်ရန် ကြံသည်။

 

 

သို့ဖြင့်၍ မြို့တည်ရန် နေရာရွေးရာ လက်ဆယ်ကန်ရွာ နေရာကို အမရပူရမြို့ နန်းတည်ရန် အတည်ပြု၍ ၁၀၊အောက်တိုဘာ၊ ၁၇၈၁ (မြန်မာသက္ကရာဇ်၁၁၄၅ ခုနှစ်) တွင် အမိန့်ပြန်ကာ စတင် တည်ဆောက်စေသည်။ ၁၂ ၊ မေ၊ ၁၇၈၃တွင်နန်းသိမ်းပွဲဖြင့် စတင် နန်းစံသည်။ ဘိုးတော်ဘုရားသည် အမရပူရထီးနန်းစိုးစံသည်နှင့် အောင်ပင်လယ်ကန်၊ နန္ဒာကန်၊ ရွှေလောင်းမြောင်းတို့ တူးဖော်ဆည်ဖို့ခြင်း၊ ပယ်ပုံတော် ကျောက်စာများကို ပယ်ပုံတော်ဝင်းဖြင့် စနစ်တကျ နေရာချ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်တော်မူခဲ့သည်။ ထို့ပြင်လယ်ယာကိုင်းသီးနှံတို့ ဖြစ်ထွန်းသည့် မတ္တရာနယ်မှ အမရပူရ မြောက်ပြင်တိုင်၊လယ်ရေပေးရေးနှင့် ကူးသန်း သွားလာရေးအတွက် အဆင်ပြေစေရန် “မတ္တရာမှ တက်သိမ်းအင်းအထိ တာပေါင်း ၂၇၀၀၀ကျော်ရှည်သော “နှဲကုပ်သို့”မြောင်းကိုရှေ့တော်ဝင်းမှူး ဦးရောက်ကြီးအား ကြီးကြပ်စေ၍ တူးဖောက်ခဲ့သည်။ အဆိုပါ မြောင်းကနောင်တွင် ရွှေတချောင်း အမည်တွင်ခဲ့ပြီး မန္တလေးရတနာပုံ နေပြည်တော် တည်သောအခါ ဈေးချိုတော်နှင့် မလွန်ဈေးအတွက်မ ကုန်ပစ္စည်းများ တင်ပို့သွားလာရာ ရေကြောင်းအဖြစ် အသုံးဝင်ခဲ့သည်။

 

 

မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင်မြောက်ရှည်၍ အရှေ့အနောက်အနေနှင့်မူ ၈၅လမ်းမှ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပေအနေ နှင့်တွက်ပါမူတောင်မြောက် ပေ၂ဝဝဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆ဝဝ နီးပါးကျယ်သည့် ဈေးကြီး ဖြစ်သည်။ လက်ကားဈေးကြီးဖြစ်သော မလွန်ဈေးကို ကြိုသည့် ဈေးတစ်ဈေးလည်း မြောက်ဘက်မလှမ်းမကမ်းတွင် အတူ တည်ထားခဲ့သည်။ မလွန်ဈေးကို ကြိုသောကြောင့် ”ဈေးကြို”ဟု ခေါ်တွင်သည်။ ”ဈေးကြို”ကို နောက်တစ်ခါ ”ဈေးချိုတော်”ဟု ခေါ်တွင်ခဲ့သည်။ ဈေးကြိုများက ယခင်မင်းနေပြည်များ ဖြစ်ခဲ့သော အင်းဝနေပြည်တော်၊ အမရပူရနေပြည်တော်၏ ပန္နက်များတွင်လည်းပါရှိခဲ့သည်။

 

 

ဈေးချိုတော် အနောက်ဘက်တွင် ဆင်ကြီး ၂ကောင်ရှိသည်။ ဆင်ကြီး ၂ကောင်ဟူသည်မှာ ၈၆လမ်းမှ အနောက်ဘက် အိမ်တော်ရာဘုရား အရှေ့မုခ်အထိ တည်ဆောက် ထားသောအုတ်တံတားကြီး၏ ထိပ်၌တည်ရှိကာ အုတ်ဆင်ရုပ်ကြီး ၂ကောင်ကိုအစွဲပြုကာ ထိုနေရာကို ”ဆင်ကြီး၂ကောင်” ဟု ခေါ်ဝေါ်ကြသည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီး ပြီးမှတည်ဆောက်ခြင်း ဖြစ်ပြီး တံတားဒါယကာမှာ ”နိဗ္ဗာနပစ္စယနာဂဆဒ္ဒန် ဆင်မင်း” ကြီးဖြစ်သည်။

 

 

တေးပြုစာဆိုအလင်္ကာကျော်စွာဆရာကြီးမြို့မငြိမ်းက “မန္တလေး – ၂’  ဟူသောသီချင်းတွင် ရွှေတချောင်းမြောင်း၊ ဆင်ကြီးနှစ်ကောင်နှင့် ဈေးချိုတော်၏ သုံးပွင့်ဆိုင်မြင်ကွင်းကိုယခုလိုစပ်ဆိုခဲ့ပါ၏။

 

“ပျားပန်းခပ် သည်တွင်     ရောင်းဝယ်ကူးသန်း ဟိုစဉ်                                                                                                                                                                                                                                     ချောင်းရွှေ လှေလောင်း      စည်ဗုံမောင်းငြိမ့်လွင်

မန်းမြို့သူ မူချင်ချင်    ဆင်တံတားထိပ်ညောင်ညိုပင်

ခေါင်းလျှော် ရေချိုး တမျိုးကြည့်လို့ယဉ်   အုတ်ကာသွပ်မိုး ဈေးကြီးပြီးမြောက်

ဈေးအနောက်မြောက် မျှော်ပါရင်  အလယ်က ဖောင်းဖောင်း မနှင်းဆီခေါင်းပင်”ဟူလို။

 

 

အရင်က ရွှေတချောင်း

 

ရွှေတချောင်းမြောင်းသည် ရှေးက ရေရှင်ရေကောင်းမြောင်းဖြစ်သောကြောင့် အိုးဘိုမှသည် တမ္ပဝတီအထိ မြောင်းတလျှောက်ရေချိုး ရေခပ်ဆိပ်များဖြင့် စည်ကားသည်ဟု ဆိုသည်။ အထူးသဖြင့် ဈေးချိုတော်နှင့် ဆက်စပ်နေသော ဆင်တံတားထိပ် ရေဆိပ်တွင် ခေါင်းလျှော်ရေချိုးနေကြသော ဈေးးချိုသူများနှင့် စည်ကားနေပုံကြောင့် ရွှေတချောင်းရေ မည်မျှသန့်ရှင်းသည် ဆိုသည်မှာသိသာလှသည်။ ဆရာကြီးရွှေဥဒေါင်း ငယ်စဉ်က စာသင်ကျောင်းရှိရာ ဒက္ခိဏဝန်တိုက်မှ နေအိမ်ရှိရာ မဲအိုးတန်းရပ်သို့ ရွှေတချောင်း မြောင်းဘေးက ခြေကျင် ကျောင်းသွားတိုင်း ရွှေတချောင်း ရေဆိပ်များက ရေဆင်းချိုးချင်စရာ ကောင်းလှရာ ရေကြည်ညောင်ပင် မရောက်မီမှာပင် ရွှေတချောင်းထဲ ဒိုင်ပင်ထိုး ရေဆင်းကူး၍ အိမ်ပြန်နောက်ကျသောကြောင့် ဖခင်၏ အရိုက်အနှက်ကိုမကြာခဏခံရသည်ဟု ဆိုသည်။ ထို့ပြင် ဝါခေါင်လရောက်တိုင်း တောင်ပြုန်းပွဲတော်သို့ ရွှေတချောင်းအတိုင်း လောင်းလှေများစီးကာ အိုးစည် ဗုံမောင်းသံတညံညံနှင့် သွားကြသည် ကလည်း မန္တလေး၏ ဓလေ့စရိုက် ဖြစ်ခဲ့ဖူးသည်။

 

အခုတော့ ရွှေတချောင်းမြောင်းသည် မြောင်းဘေးတလျှောက်ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြို့နယ်တို့မှ လူနေရပ်ကွက်များနှင့် ညောင်ပင်ဈေး၊ မန်းသီရိဈေး၊ ဈေးချိုတော်၊ ကိုင်းတန်းဈေး၊ ထီးတိုင်ဈေး၊ ထုံးဘူးတန်းဈေး၊ မလွန်ဈေးတို့၏ အညစ်အကြေးစွန့်ပစ်ရာ မြောင်းပုပ်ကြီး အသွင်ပြောင်းလဲပြီး မန္တလေး၏ခြင်ယင် ပိုးမွှားများ အပေါက်ပွားဆုံးနေရာလည်း ဖြစ်နေဆဲပင်။ ခေတ်အဆက်ဆက် ရွှေတချောင်းမြောင်းကို ပစ်ပယ် လျစ်လျူရှုထားဆဲဖြစ်သည်။ ၂၀၁၇ ဝန်းကျင်ကတော့ အိုးဘိုမှသည် တမ္ပဝတီအထိ ရွှေတချောင်းကို ကွန်ကရစ် မြောင်းဖုံးနှင့် ပြန်လည်တည်ဆောက်ရန် စီစဉ်သည့် စီမံကိန်း ရေးဆွဲဖို့ ရှိသလိုလို ကြားခဲ့သည်။

 

 

ရွေတချောင်းအစ

တကယ်တော့ ရွှေတချောင်းမြောင်းကို မြို့မငြိမ်းရေးဖွဲ့သလို ဆင်တံတားထိပ်က ညောင်ညိုပင်ဆိပ်မှာ ဈေးချိုသူတွေခေါင်းလျော် ရေချိုးကြသလို၊ ဆရာကြီးရွှေဥဒေါင်း ငယ်ဘဝက မြောင်းဘေးရောက်တာနှင့် ဒိုင်ဗင်ထိုးချ ရေကူးချင် လောက်အောင် ဆွဲဆောင်သလို ရေကောင်းရေရှင်မြောင်း ဖြစ်အောင် စွမ်းဆောင်နိုင်မည့် အစိုးရတော့ လိုချင်ပါသေးသည်။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ရွှေတချောင်းမြောင်း

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW