သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်ခြင်း မရှိသေး

 

ဇန်နဝါရီ ၅ – ၂၀၂၄

SN (VOM)

မနေ့ ဇန်နဝါရီ ၄ ရက်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သူမရဲ့ ပင်တိုင်မိတ်ကပ်ဆရာတယောက်ဖြစ်တဲ့ စွာစွာ (Makeup Artist) က ပြောပါတယ်။

“သတင်းအမှားတွေက တော်တော်ကို ရှင်းလိုက်ရတယ်။ ဒီနေ့အထိကို ရှင်းနေရတုန်း။ တကယ်လို့ ကျွန်မတို့ဘက်က တိတိကျကျသတင်းရရင်တော့ ပြောမှာပါ။ သူမလွတ်သေးတာ သေချာပါတယ်။ ကျွန်မတို့ပြောတာ ယုံပါ။ ကျွန်မတို့က သူတို့နဲ့ မိသားစုလိုနေတာဆိုတော့လေ။ သူတို့အိမ်ကိုလည်း အမြဲတမ်း အဝင်အထွက်ရှိတယ်။ အန်တီနဲ့လည်း ဖုန်းအမြဲအဆက်အသွယ်ရှိတော့ မီဒီယာတွေတင်တာ ကျွန်မတို့လည်း မယုံဘူးလေ။ အိမ်ကိုရောက်ပြီဆိုမှ အတည်ပြုရတာ။ အန်တီကလည်း ကျွန်မကို အာဏာကုန်လွှဲထားတာ။ လွှဲထားတယ်ဆိုတာက တကယ်လို့ သင်ဇာ ထွက်လာပြီဆိုလို့ရှိရင် မီဒီယာတွေကို ပြောလိုက်တော့ပေါ့နော်။ သေချာသွားပါပြီ၊ ပါလာပြီဆိုပြီးပေါ့။ မနေ့က ကျွန်မတို့လည်း မျှော်တာပါပဲ။ မျှော်ရင်း မျှော်ရင်းနဲ့ ၁၀ နာရီလောက်ကျတော့ သင်ဇာ့အမေက ဖုန်းဆက်လာတယ်။ သမီးရေ လွတ်တဲ့အထဲမှာ မပါဘူးတဲ့။ သူတို့လည်း နီးစပ်ရာတွေကို ဖုန်းဆက်ကြည့်လိုက်တော့ မပါဘူးဆိုပြီး ပြောတယ်” လို့ သူမက ပြောပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ – (က) နဲ့ အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

သူမနဲ့အတူ တရက်တည်းမှာပဲ မော်ဒယ်လ် နန်းမွေစံလည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ထားကာ လက်ရှိမှာ သူတို့နှစ်ယောက်လုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေနဲ့ အနုပညာရှင်တွေ အရေးယူခံရတာဟာ ဒါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Edited: (သရုပ်ဆောင်သင်ဇာဝင့်ကျော်ဟာ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လာကြောင်း VOM က ဖော်ပြခဲ့ပေမယ့် နောက်ဆုံးရ နောက်ဆက်တွဲအခြေအနေကို ဖြည့်စွက်ပြင်ဆင် တင်ပြခြင်းဖြစ်ပါတယ်။)

 

Related posts

Leave a Comment

VOM News

FREE
VIEW