၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီပေးပွဲ ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပမယ်

 

ဇန်နဝါရီ ၆ – ၂၀၂၄

SN (VOM)

၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၅ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ထူးချွန်ဆုပေးပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အခုအချိန်မှာ လုပ်ငန်းအများအပြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ အကယ်ဒမီရွှေစင်ရုပ်တုမှာ တပ်ဆင်မယ့် ရွှေကြယ်တွေနဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမယ့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ရွှေစင်ရုပ်တု ရင်ထိုးတံဆိပ်တွေ ပေးအပ်နိုင်ရေးအတွက် လိုအပ်တဲ့ ရွှေတွေကို နိုင်ငံတော်က ကျခံသွားမှာဖြစ်ပြီး လုပ်ငန်းအပ်နှံခြင်းကို ဆောင်ရွက်ပြီးဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အဲ့ဒီ့ အကယ်ဒမီပေးပွဲအတွက် Forever Group Co.,Ltd က အဓိက ကူညီပံ့ပိုးသူအဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်တဲ့အတွက် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ချုပ်ဆိုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ဇာတ်ကားစိစစ်အကဲ ဖြတ်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတာမှာ ပထမအဆင့်အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ ရွေးချယ်ထားတဲ့ ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီ ၃ ရက်က အပြီးအစီး စိစစ်ဆောင်ရွက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေကြိုမောင်မယ် ရွေးချယ်ခြင်း လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံး ဆန်ခါတင်အနေနဲ့ ရွှေကြိုမောင်မယ် အမျိုးသား ၁၃ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်တို့ကို အပြီးသတ် ရွေးချယ်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်ရဲ့ ထူးခြားမှုအနေနဲ့ ရွှေကြိုတွေကို ရွေးချယ်ခြင်းအပြင် ရုပ်ရှင်အနာဂတ်အတွက် သရုပ်ဆောင်တွေကို မွေးထုတ်ပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေကြိုရွေးချယ်ရေးအဖွဲ့၊ ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ ရုပ်သံလိုင်းတွေက သရုပ်ဆောင် ၄၃ ယောက်ကိုလည်း ရွေးချယ်ထားတယ်လို့ သိရပါတယ်။

Photo:Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW