ဖြစ်ချင်လိုက်တာ ပန်းချီဆရာ

 

 

ဆူးငှက်

 

 

ကုန်လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်က ကျွန်တော့်ကို ပန်းချီဆရာဟု ထင်မှတ်ကြသည်။ ပန်းချီပြပွဲတွေ တကူးတကန့် ဖိတ်သည်။ပြပွဲမှာ ခင်ဗျားကားတွေ တွေ့တယ်နော်..ဟုပင် လူမှုဝတ်စကား ပြောကြသေးသည်။ ပွဲတစ်ပွဲမှာ ဆိုလျှင် ပန်တျာကျောင်းဆင်းဆရာတစ်ဦးက “ ကိုဆူးလည်း ပန်တျာက ပန်းချီကျောင်းထွက် တစ်ယောက်ပါပဲ ”ဟု အမှတ်မှား ပြောသွားခဲ့သေးသည်။

 

တကယ်တော့ ကျွန်တော်က လူရွှင်တော်တွေ ပြောသလို ပန်တျာကျောင်းကို အရှေ့ပေါက်က ဝင်ပြီး အနောက်ပေါက်က ထွက်ဖူးရုံပဲ ဖြစ်သည်။ ကျွန်တော် ပန်းချီဆရာမဟုတ်၊ တောက်တးီတောက်တဲ့ ဝါသနာရှင်မျှသာ ဖြစ်သည်။ ငယ်ငယ်ကတည်းကဝါသနာပါသူတို့ ထုံးစံအတိုင်း ပြက္ခဒိန်နောက်ကျောမှာ အကွက်ချပြီး အိမ်က လူကြီးတွေ ဓာတ်ပုံ ကူးဆွဲတာမျိုး…။ ရုပ်ရှင်မင်းသား မင်းသမီးပုံ ကူးဆွဲတာမျိုး ဖြစ်သည်။ ဓာတ်ပုံတွေ ဆွဲစရာမရှိတော့ ငွေစက္ကူထဲက ဆင်သစ်ဆွဲနေပုံ၊ လုံမလေး ဗိုင်းငင်နေပုံ၊ လယ်သမားဦးကြီးက နွားဆွဲပြီး နေကို မော့ကြည့်နေပုံများ ကူးဆွဲဖြစ်သည်။ လူကြီးတွေက တူသားပဲကွ၊ မဆိုးဘူးမောင်…ဟု အားပေးသောအခါ ပန်းချီ ဦးအောင်ချစ် ရေးဆွဲသော အလှူဖိတ်စာ မျက်နှာဖုံးများက “တောထွက်ခန်း” ၊ “ဆံတော်ပယ်ခန်း” ၊ “ဓမ္မာစကြာ ဟောခန်း” ၊ “ရာဟုလာ အမွေတောင်းခန်း” ပုံတွေကို ပုံကြီးချဲ့ ကူးဆွဲသည်။

 

လူကြီးအချို့ကတော့ ဘုရားပုံ ကူးဆွဲတာ မတူရင် ဥပါဒ်ဖြစ်မည် စိုးကာ တားမြစ်သော်လည်း လူကြီးအချို့ကတော့ ဘယ်နားဘယ်လိုဖြည့်၊ ဘယ်နား ဘယ်လိုပြင်ဟု ဆိုကာ အားပေးသည်။ တကယ်တော့ ထိုအရွယ်၊ ထိုပုံများ အားလုံးလိုလို ခဲဖြင့်သာရေးဆွဲဲလေ့ကျင့် ခဲ့ခြင်းဖြစ်၏။ ရုံတော်ကြီး ကြယ်နီစတိုးက ဝါတာကာလာ ဘူးလေး ဝယ်ပြီးသော အခါမှသာ ခဲဖျတ်ဖြင့် ပွစာတက်အောင် ဖျက်ထားသော ပုံပေါ် ဆေးရောင်တွေ မရဲတရဲသွင်းသည်။ မူရင်းပုံမှာကိုက ဆေးရောင်ပါလျှင် ကိစ္စမရှိ၊ ထိုအရောင်အတိုင်း ဝါတာကာလာ ဘူးထဲက ဆေးရောင် ၁၂ ရောင်နှင့် တိုက်ကာ ခြယ်သည်။ ဒါတောင် မူရင်းအရောင်မှာ စပ်ရောင်တွေ ဖြစ်ပါက သိပ် အဆင်မပြေချင်။

 

မူရင်းပုံမှာ ဆေးရောင် မပါ ပါက ကိုယ်ဆွဲသော ပုံမှာ ဆေးရောင်ထည့်ဖို့က အတော် ပညာသားပါလှသည်။ သစ်ပင်အစိမ်း၊ ကောင်းကင်အပြာက တယ်မကွဲလှ။ လူ၏အသားအရောင်၊ ခေါင်းပေါင်းအင်္ကျီ၊ ပုဆိုး၊ ထဘီစသော အဝတ်အစားများ၏အရောင်နှင့် အဆင်က အတော်ခက်ခဲလှ၏။ လယ်သမားဦးကြီး၏ အသားရောင်က ဝါဝါလွင်လွင်လေး ဖြစ်ကာ ခေါင်းပေါင်းထားသော ခေါင်းပေါင်းက အောင်ကုမ္ပဏီထုတ် ပိုးပုဝါ ခေါင်းပေါင်း နီနီရဲရဲနှင့် ဖြစ်ပြီး လည်ကတုံး အင်္ကျီမှာလည်း ဘဲလိုးဖက်အသား လေယာဉ်မောင် အပြာနုအသွေးနှင့် လုံချည်က တောင်မြို့ ပိုးအညိုရင့်ရင့် ကွပ်စိပ် ဖြစ်နေတတ်၏။ ပြီးတော့ လက်ကကိုင်ထားသည့် နွားကလည်း ကိုယ်က နွားအရေနှင့် အရာင်ကို မကျွမ်းကျင်တော့ ကုလားမ ခြင်းတောင်းဆွဲ နို့ဆီဘူးပေါ်က အဖြူနှင့် အနက်ကျား၊ ဟော်လန်နွားမပုံ ဖြစ်ချင် ဖြစ်နေ တတ်သည်။

 

မနက် ကျောင်းသွားတိုင်း ညနေ ကျောင်းဆင်းတိုင်း အိမ်တော်ရာ အရှေ့မုခ်ကို ဖြတ်သွားရသဖြင့် အရှေ့မုခ် အထွက်ဘယ်ဘက်က တစ်ခန်းပတ်လည် အိမ်ကလေးအရှေ့ ဝါးကုတင်လေးပေါ် အိမ်နံရံကို မှီထောင်ထားသော နိပါတ်တော် ပန်းချီဆရာကံညွန့်လေး၏ နောက်နား ရပ်ရင်း ငေးမောကြည့်ကာ မည်သို့ မည်ပုံ ဆေးရောင်သွင်းသည်ကို မှတ်သားရ၏။ တကယ်တော့မလွယ်လှ။ မနက်ပိုင်းက ကြည့်ခဲ့သော သစ်ပင်ကြီးက ပင်စည်အညိုနှင့် သစ်ကိုင်း သစ်ရွက်များက အစိမ်းပိန်း သုတ်ထားသည်။ဟော … ညနေကျောင်းပြန်မှာ ကြည့်လိုက်တော့  ပင်စည်မှာလည်း အခေါင်းနှင့်၊ အခေါက်နှင့်၊ အပွေးနှင့် သစ်ရွက် သစ်ကိုင်း၊အဝင်အထွက်၊ အလင်းအမှောင် အလုံး အကြွတွေနှင့် ပီပြင်နေသည်။ မည်သို့ ပြုလုပ်လိုက် လေသည်မသိ။

 

မည်သို့ဆိုစေ၊ နေ့စဉ်နေ့တိုင်း ကျောင်းသွား ကျောင်းပြန် ၁၅ မိနစ်၊ နာရီဝက်ခန့် စူးစိုက်ကြည့်မိသည့် အတွေ့အကြုံအရပန်းချီကံညွန့်လေး၏ နိပါတ်တော် ကားများမှ တဆင့် နန်းတော်၊ မြို့ရိုး၊ ကျုံး၊ ပြအိုး၊ ပြာသာဒ်နှင့် ဆင်၊ မြင်း၊ ဘုရင်၊ မိဖုရား၊မှူးကြီးမတ်ရာ သေနာပတိတို့၏ ပုံပန်းသဏ္ဌာန်၊ အပြင်အဆင်၊ အသွေးအရောင်တို့ကို ဝိုးတဝါးမျှတော့ သိလာရ၏။ သို့သော်အမူအရာ အထားအသို အခင်းအကျင်းထိတော့ လိုက်မမီသေး၊ ကိုယ့်ဘာသာ မဖန်တီးတတ် ၊ ကူးဆွဲအဆင့်မျှသာ ရေးတေးတေးသိသေးသည်။ သို့ဖြင့် …

 

သို့ဖြင့် …

ကျုံးထောင့်၌ ကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတစ်ခုတွင် ဝင်ပြိုင်ခဲ့ဖူး၏။ (ပြိုင်ပွဲကျင်းပရာအ.ထ.က ၆ ကို နေရာ မသိသဖြင့် မျက်စိလည်နေပြီး အချိန်နှောင်းမှ ရောက်သဖြင့် မနည်းပြီးအောင် ဆွဲခဲ့ရသည်) ကျောင်းတွင်းအာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူဖြင့် ဆုရဖူး၏။ ကျောင်းတွင်း နံရံကပ်စာစောင်တွင်ကျောင်းအုပ်ဆရာမကြီး၏ ဥယျောဇဉ် အဖွင့် သဝဏ်လွှာကို သရုပ်ဖော်ပြင်ဆင်ခြင်းနှင့် ဝတ္ထုဆောင်းပါး၊ ကဗျာသရုပ်ဖော် ပုံအချို့ ရေးဆွဲဖူး၏။ (ထိုစဉ်က အတူ ရေးဆွဲဖော် တစ်ဦးမှာ ယခု ဗုဒ္ဓ တက္ကသိုလ်ကြီးတစ်ခု၏ ပင်တိုင် ဝါရင့်ပန်းချီဆရာကြီးဖြစ်နေပြီ)

 

၁၉၇၆ခုနှစ် နှင့် ၁၉၇၇ ခုနှစ်တွင် ကျင်းပသော မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ပန်းချီပြပွဲတွင် ဆီဆေးကား ၃ ကား၊ ၄ကားတင်သွင်း ပြသခဲ့ဖူး၏။ ၁၉၈၀ ကျော်ဝန်းကျင်က ဌာနတွင်း နံရံကပ်စာစောင် တစ်ခုကို စီစဉ်တည်းဖြတ်ကာ သရုပ်ဖော်ပန်းချီများ ရေးဆွဲခဲ့ဖူး၏။ (ထိုစဉ်က သရုပ်ဖော် ပန်းချီကားများ အကူရေးဆွဲခဲ့သည့် လုပ်ဖော် ကိုင်ဖက် တစ်ဦးမှာ အခုအောင်မြင်သည့် စီးပွားရေး ပန်းချီပညာရှင် တစ်ဦး ဖြစ်နေပြီ)

 

ကိုင်း … ဒါပါပဲ၊ ပန်းချီနှင့်ကျွန်တော် ပတ်သက်ခဲ့ဖူးတာ။ အင်း … မေ့လို့ တက္ကသိုလ်မှာတုန်းက ဌာနက ပြုလုပ်သည့် ဖဲယားဝဲလ်၊ အာစရိယ ပူဇော်ပွဲ တချို့တွင် Decoration လုပ်ဖူးသည်။ ဘွဲ့ရပြီးစအချိန် အလုပ်မရှိခင် စပ်ကြား မျက်နှာကြီးမင်္ဂလာဆောင် ၂ ခုလောက်မှာ ခန်းမဆင်သည့် သတို့သား၊ သတို့သမီး နာမည်၊ ဘွဲ့များနှင့် မင်္ဂလာဆောင် အထိမ်းအမှတ်အသည်းနှလုံးနှင့် မြားနတ်မောင် ရုပ်များ သုံးထပ်ပြားချပ်ကြီးများပေါ် ရေးဆွဲပြီး လှီးဖြတ် ထွင်းကာ ကတ္တီပါကားကြီးပေါ် ဆင်ပေးဖူးသည်။ (ထိုစဉ်က အခုလို မင်္ဂလာ အခမ်းအနားအလှဆင် လုပ်ငန်းတွေ မပေါ်သေး။) အိမ်အနီးအနား ကျောင်းတိုက်ကြီးများမှာ ဘုန်းကြီးပျံရှိလျှင် ရုပ်ကလာပ် ထည့်သွင်းပူဇော်မည့် မှန်ခေါင်းကို ယိုးဒယား ပန်းခက် အလှများနှင့် ဆရာတော်၏ ဘွဲ့တော်၊ ဝါတော်များကို ရွှေပြားစက္ကူကပ်၊ ပြင်ဆင်ပေးဖူးသည်။ အဖြူအမည်း ဓာတ်ပုံများဘေးတွင် တစ်ခါတည်း ကူးကာ ထည့်ပေးရသည့် မင်္ဂလာမောင်နှံ နာမည်၊ အလှူ့ဒါကာ၊ ဒကာမ နာမည်များ တစ်ဖက်ချော ဂျပ်စက္ကူပေါ် ပီလီကင် မင်နက်နှင့် ကွန်ပါစာလုံး လှည့်ပေးဖူးသည်။ သမဝါယမ အသင်း ဝန်ထမ်း ဖွဲ့စည်းပုံ၊ ကော်မတီ စာရင်းနှင့် ကားနံပတ်ပြားတချို့လည်း ရေးဖူးသည်။ ဟုတ်ပါတယ်။ ဒါပါပဲ… ဒါပါပဲ..။

 

သို့သော် ကျွန်တော်ကို အတော်များများက ပန်းချီဆရာဟု ထင်သူ ထင်ကြသည်။ နောက်ပိုင်း စာလေး ပေလေး ဟိုစပ်စပ်သည်စပ်စပ် ရေးမှသာ စာရေးဆရာဟု ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဘာမှန်းမသိရသည့် သတ္တဝါလို အသိအမှတ်ပြုသည်။ မည်သို့ဆိုစေ ကျွန်တော့်ကို ပန်းချီနှင့် အတော်နှီးနွယ် ယဉ်ပါးသူဟု ထင်ကြသေး၏။ ယခုနောက်ပိုင်း ကျွန်တော်နှင့် ပန်းချီအနုပညာမှာလားလားမှ မအပ်စပ်ဟု အမြင်မှန်ရသွားကြပုံ ရှိသည်။ ပန်းချီပြပွဲ ဖိတ်စာတွေ ရောက်မလာတော့။ ဟုတ်တယ်လေ ကျွန်တော်ကပန်းချီဆရာမှ မဟုတ်လေပဲ။

 

ဒါပေမယ့် သည်ကာလမှာ ပန်းချီဆရာ ဖြစ်ချင်သည်။ အိမ်သို့လာသည့် ဧည့်သည်တွေက ပန်းချီဆရာ ဘယ်သူ့အိမ်ကပြန်လာတာ၊ သူ့ပန်းချီကား ဘယ်နှကား ဝယ်ပြီး အားပေးခဲ့သေးတယ်၊ တစ်ကား ၃သိန်းတဲ့ ဟု ပြောဆိုပြီး သကာလ “ကိုဆူးလည်း စာအုပ်အသစ် ထွက်တယ်နော်၊ လက်ဆောင်ပေးပါဦး” ဟုချည်း အချီးမြှင့် ခံရသည်။ နံမည်ကျော် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကလည်း ဆိုင် အပြင်အဆင်အတွက် အဆိုအမိန့်တွေကို အကူအညီတောင်းလို့ ရှာပေးတော့ စာရေးဆရာကို လက်ဖက်ရည်တွေ ပလာတာတွေနှင့် ချီးမြှင့်သည်။ ဆိုင်အပြင်အဆင် အတွက် ပန်းချီကားတွေကိုတော့ ပန်းချီဆရာများထံက သိန်းဆယ်ကြီးဂဏန်း၊ ရာဂဏန်းအထိ ပေးကာ ဂုဏ်ယူစွာ ချိတ်ဆွဲသည်။ ထို့ကြောင့် ယခုအခါ ကျွန်တော် ပန်းချီဆရာ ဖြစ်ချင်ပါသည်။စာရေးဆရာဆိုတာ အလကား။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဖြစ်ချင်လိုက်တာပန်းချီဆရာ #ဆူးငှက်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW