ကျောက်ဆည် မြို့မစျေးမှာ ရွှေဆိုင် နှစ်ဆိုင် ဓားပြတိုက်ခံရ ၊ သိန် ၂၅၀၀ ကျော် ပါသွား

 

ဇန်နဝါရီ ၊ ၁၁ ၊ ၂၀၂၄

SP ( VOM)

မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ ၊စုကြီးရပ်ကွက် ၊ မြို့မစျေးကြီး အပြင်ဘက်တိုက်တန်းမှာ ဒီကနေ့ မနက်ပိုင်းက ရွှေရတနာဆိုင် နှစ်ဆိုင် ဓားပြတိုက် လုယက်ခံရတယ်လို့ မြို့မစျေးက စျေးသည်တွေဆီက သိရပါတယ်။

” ဒီမနက် ၁၂ နာရီဝန်းကျင်းက ဖြစ်တာပါ ၊ မြို့မစျေး အရှေ့ဘက် အပြင်တိုက်တန်းနဲ့ တောင်ဘက် အပြင်တိုက်တန်းက ရွှေဆိုင် နှစ်ဆိုင် ဓားပြတိုက် လုယက်ခံရတယ် ၊ သေနတ်နဲ့ ပစ်သံတွေလည်းကြားရတယ် ၊ ရွှေဆိုင် နှစ်ဆိုင်ပေါင်း သိန်း ၂၅၀၀ ကျော်လောက် ရွှေထည်ပစ္စည်းတွေပါသွားတယ် ” လို့ မြို့မ စျေးသည်တယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျောက်ဆည်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြို့မစျေး အပြင်ဘက်တိုက်တန်းက ဦးသန်းထွန်း ၊ ဒေါ်ခင်မာရီ ရွှေရတနာဆိုင်နဲ့ ဦးသန်းနိုင် ၊ မသူဇာဝင်း ရွှေရတနာဆိုင်မှာ လုယက်ခံရတာဖြစ်တယ် ၊ဖြစ်စဥ်က အမည်မသိ (စုံစမ်းဆဲ) လူ ငါးယောက်က ဆိုင်ကယ် နှစ်စီး နဲ့ ရွှေဆိုင်တွေနားကို ရောက်လာတယ် ၊ အဲ့ဒီ လူငါးယောက်ထဲက သေနတ် သုံးလက်ပါတယ် ၊ ရွှေဆိုင်ထဲကို သေနတ်နဲ့ ၇ ချက်ထက်မနည်း ပစ်ပြီး အရောင်းကောင်တာထဲက ရွှေထည်းပစ္စည်းတွေကို မှန်ခွဲပြီးလုယူတယ် ၊ ခန့်မှန်းရွှေအလေးချိန် ၇၀ ကျပ်သားကျော် ( ကာလတန်ဘိုး သိန်း ၂၅၀၀)ဝန်းကျင်ပါသွားတယ် ၊ တဆိုင်က ၃၀ ကျပ်သားနဲ့ ကျန်တဆိုင်က ၄၀ ကျပ်သား ဖြစ်တယ် ၊ အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက်က ၊ ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ၊ မိုး ရွှေရတနာဆိုင် နဲ့ ပန်းတိမ်လုပ်ငန်းမှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံနဲ့ ကျောက်စိမ်တွေ အပါအဝင် သိန်းခြောက်ထောင်ဖိုး ပါသွားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ ၊ ည ၇ နာရီခွဲဝန်းကျင်က လူတစုက ရိုက်နှက်ပြီး ကားနဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီဝန်းကျင်တုန်းကလည်း မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်က နာမည်ကြီး ရွှေဆိုင်တဆိုင် လုယက်ခံရပြီး အဲဲ့ဒီဖြစ်စဥ်မှာ လုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း တနိုင်ငံ အတိုင်းအတာမှာ ရွှေဆိုင် လုယက်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ၊ အဲ့ဒီလို လုယက်မှုဖြစ်ပွာတဲ့ ဒေသတွေကတော့ ရန်ကုန် ၊ မန္တလေး ၊ မြင်းခြံ ၊ မုံရွာ ၊ ဖားကန့် ၊ ဝန်းသို၊ နောင်ချို ၊ အင်းတော် စတဲ့ မြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW