ငါန်းဇွန်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီဝင် မိသားစု သုံးယောက် ပစ်သတ်ခံရပြီး အလောင်းတွေလိုက်ပို့ပေးတဲ့ နာရေးကား လမ်းမှာ မိုင်းထိ

ဇန္နဝါရီ ၊ ၁၂ ၊ ၂၀၂၄
SP ( VOM)

မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ ဆင်ဖြူကုန်းကျေးရွာမှာ မနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက မိသားစုလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီ အလောင်းတွေကို ဆေးရုံလိုက်ပို့တဲ့ နာရေးကားဟာ လမ်းမှာ မိုင်းထိမှန်ပြီး ပျက်စီးခဲ့တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အသတ်ခံရတဲ့ သုံးယောက်က ဦးအောင်ရင်၊ ၇၀ နှစ်၊ သူ့မိန်းမ ဒေါ်ခင်စန်းရင် ၆၃ နှစ် ၊ နောက်ပြီး သူတို့ရဲ့သား ဦးအေးငြိမ်းလင်း ၄၂ နှစ် ဖြစ်တယ် ၊ သေဆုံးသူတွေက သေနတ်ကျည်ဆံ ဖောက်ဝင် ဒဏ်ရာအပြင် ပြတ်ရှ ထိုးသွင်းဒဏ်ရာတွေပါ ရထားတယ် ၊ အဲ့ဒီ အလောင်းတွေကို ဆင်ဖြူကုန်းရွာကနေ ငါန်းမြာဆေးရုံဆီလိုက်ပို့တဲ့အခါ မြေနီကုန်းကျေးရွာရဲ့ မြောက်ဘက်အရောက်လမ်းမှာ အဲ့ဒီကား မိုင်းထိမှန်တယ် ၊ နာရေးကားက ငါန်းမြာရွာက ဓမ္မမာမက လူမှုကူညီရေး အသင်းပိုင် ဘောက်စီအမျိုးအစား (ခဲရောင်) ဖြစ်တယ် ၊ လူတွေတော့ ထိခိုက်မှုမရှိဘူး ၊ ကားကတော့ ညာဘက်ခြမ်းက လေကာမှန်တွေ အကုန်ကွဲပြီး ပျက်စီးတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က နေ့လယ်ပိုင်းမှာ ဆင်ဖြူးကုန်ရွာကို အမည်မသိ (စုံစမ်းဆဲ) လူသုံးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာတယ် ၊ အဲ့ဒီနောက် ဆင်ဖြူကုန်းရွာမှာနေတဲ့ ဦးအောင်ရင်အိမ်ကိုဝင်ပြီး သားမိသားဖ သုံးယောက်စလုံး ပစ်သတ်သွားတယ် ၊ သေဆုံးသူတွေက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတွေဖြစ်ကြပြီး ဒလန်လို့ စွပ်စွဲသတ်ဖြတ်သွားတာဖြစ်တယ် ၊ အဲ့ဒီ အလောင်းတွေကို ငါန်းမြာတိုက်နယ်ဆေးရုံဆီ ပို့ဆောင်တဲ့အခါ နာရေးကားကို မိုင်းခွဲတိုက်ခိုက်တယ် ၊ အမှုဖွင့် အရေးယူထားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ မှာ ငါန်းဇွန်မြို့နယ်အတွင်းက ပြည်ခိုင်ဖြိုးဝန်းရံသူတွေနဲ့ ၊ NLD ပါတီဝင်တွေ အပါအဝင် အသတ်ခံရသူ တရာကျော်ရှိတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၁၁ရက် မနက်ပိုင်းကလည်း မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့ ၊ ဗဟိုရပ်ကွက် ၊ ရေဆုံလမ်းမှာ အလုပ်ရှင် အလုပ်သမားတွေ စကားများရာကနေ အလုပ်သမား အမျိုးသမီး လေးယောက် အသတ်ခံရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မိုင်းထိမှန်တဲ့ နာရေးကား (ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW