ဆူးငှက်
ကုန်းဘောင်ခေတ်အတွင်း တည်ဆောက်ခဲ့သည့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် သစ်သား ဘုန်းကြီးကျောင်း များကို မန္တလေး၊အင်းဝ၊ စစ်ကိုင်း၊ စလေ၊ စလင်း စသည့် မြို့နယ်များ တွင် အများဆုံးတွေ့ရှိနိုင်သည်။ မန္တလေးမြို့ရှိ ရှေးဟောင်းသစ်သား ဘုန်းတော်ကြီးကျောင်းများအနက် ရွှေကျောင်းတော်ကြီး၊ ရွှေအင်ပင်ကျောင်း၊ ဓမ္မိကာရာမ ရွှေကျင် ကျောင်းတိုက်၊ သင်္ဂဇာကျောင်း၊ကင်းဝန်မင်းကြီးကျောင်းဟု ထင်ရှားသည့် သာကဝန်ကျောင်း၊ မြတောင်ကျောင်း၊ မင်းထင်ကျောင်းတို့ သည် အထူးထင်ရှားကြသည်။
ကုန်းဘောင်ခေတ်တစ်လျှောက် အလောင်းမင်းတရား ဦးအောင်ဇေယျ၊ နောင်တော်ကြီးမင်း၊ မြေဒူးမင်း၊ ဗဒုံမင်း၊ ဘကြီးတော် စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်း မင်းနှင့် သီပေါမင်းတို့သည် ဘုန်းတော်ကြီးကျောင်းများကိုဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်း ကုန်းဘောင်ဆက် မဟာ ရာဇဝင်ကြီးစာအုပ်တွင် ဖော်ပြထားသည်။ မင်းတုန်းနှင့်သီပေါ မင်းနှစ်ပါးသာ နန်းစံခဲ့သည့် ရတနာပုံ ခေတ် တစ်ခုတည်းမှာပင် မန္တလေးမြို့၌ ဆောက်လုပ်ခဲ့သော ဘုန်းကြီးကျောင်း ၅၅ ကျောင်းရှိခဲ့သည်။ မင်းတုန်းမင်းသည် မန္တလေးမြို့၏ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်နှင့်မြောက် ပြင်တို့တွင် ဘုန်းတော်ကြီး ကျောင်းများကို နေရာချထားခဲ့သည်။
ရှေးအခါက မြန်မာဗိသုကာများသည် သစ်သားဘုန်းတော် ကြီးကျောင်းများကို ပြာသာဒ်ဆောင်၊စနုဆောင်၊ ဆောင်မကြီး (အရှေ့ မာရဘင်ဆောင်နှင့် အနောက် မာရဘင်ဆောင်)၊ ဘောဂဆောင်တို့ဖြင့် တစ်ဆက်တစ်စပ်တည်း ဖွဲ့စည်းတည်ဆောက်လေ့ရှိခဲ့ကြသည်။ ကျောင်းအဆောက်အအုံ၏ ထိပ်ဆုံးတွင် ပြာသာဒ်ကို ငါးဆင့်၊ ခုနစ်ဆင့်၊ ကိုးဆင့်တင်လေ့ရှိသည့်အနက် ပြာသာဒ် ခုနစ်ဆင့်ကို အများဆုံးမြင်တွေ့ကြရသည်။ ပြာသာဒ်ဆောင်၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် လှေကား တစ်စင်းစီ တပ်ဆင်ထားပြီး ပြာသာဒ်ဆောင်လှေကားမှ မင်းနှင့် ဆရာတော်များသာ အတက်အဆင်းပြုကြရသည်။ ပြာသာဒ်ဆောင်တွင် ဘုရားပလ္လင်နှင့် ဗုဒ္ဓဆင်းတုတော် ထား ရှိသည်။ ပြာသာဒ်ဆောင်နှင့် ဆောင်မကြီးကို ဆက်ထားသည့် အဆောင်သည် ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနေထိုင်၍ အာဂန္တုဧည့်သည် ရဟန်းသံဃာများကို ဧည့်ခံတွေ့ဆုံသည့်စနုဆောင်ဖြစ်သည်။
ဘုန်းတော်ကြီးကျောင်း၏ အဓိကအဆောင်ဖြစ်သည့် ဆောင်မကြီးပေါ်တွင် နှစ်ထပ်လည်ပေါ်တင်ထားလျှင် ထားဝယ်ဆောင်၊ သုံးထပ်သို့မဟုတ် လေးထပ် လည်ပေါ်တင်ထားလျှင် ဇေတဝန်ဆောင်ဟု ခေါ်ဆိုကာ ဆောင်မကြီး၏ လည်ပေါ်ကို ငါးထပ် တည်ဆောက်လေ့မရှိချေ။ ဆောင်မကြီး၏အပြင် ဘက်ပတ်လည်ရှိ စမြင်ကို မြန်မာအဘိဓာန်က အဆောင်မကြီး ဘေးပတ်လည်တွင် ထုတ်ထားသော အမိုးဟု အဓိပ္ပာယ်ဖွင့်ဆို သည်။ ထို့ကြောင့် နှစ်ထပ် စမြင်ခံကျောင်း၊ သုံးထပ်စမြင်ခံ ကျောင်းဟုခေါ်ဆိုမှုများလည်း ရှိခဲ့သည်။
ဆောင်မကြီးကို အရှေ့အနောက်ပိုင်းခြားလျက် အရှေ့ မာရဘင်ဆောင်၊ အနောက်မာရဘင်ဆောင်ဟု ခေါ်ဆိုသည်။ မာရဘင်သည် ခန်းဆောင်၏ ကြမ်းပြင်မှ အမိုးအထိ ပိတ် ထားသော သစ်သားနံရံဖြစ်ကာ ဆောင်မကြီး၏ အလယ်ဗဟိုရှိ တိုင်များ၏ အရှေ့ဘက်တွင် ကြမ်းခင်းမှ မျက်နှာကြက်အထိ ကာဆီးထားသည်။ အရှေ့မာရဘင်ဆောင်နှင့် အနောက် မာရဘင်ဆောင်ကို ဆက်သွယ်သွားလာရန် မာရဘင်၏ ဝဲယာ တစ်ဖက်တွင် အပေါက်တစ်ပေါက်စီ ဖောက်ထားသည်။
မာရဘင်ဆောင်များတွင် နေ့ဘက်၌် လူပရိသတ်များကို ဧည့်ခံပြီး ညပိုင်းတွင် ရဟန်းသံဃာများ ကျိန်းစက်ကြသည်။အချို့ဘုန်းကြီးကျောင်းများ၌ အရှေ့မာရဘင်တွင် ဥပုသ်စောင့် သူ၊ တရားနာသူများ နားခိုကြကာ အနောက်မာရဘင်တွင်သက်ကြီးဝါကြီး ဆရာတော်များ သီတင်းသုံးကြသည်။ အရှေ့မာရဘင်ဆောင်တွင် တံကဲပါရှိသည့် ဘုရားပလ္လင်ကို ထားရှိပြီးနောက်ခန်းတွင် တံကဲမပါသော ပလ္လင်ကိုထားရှိ သည်။ ဆောင်မကြီး၏ မျက်နှာစာတွင် ရဟန်းသံဃာနှင့် အမျိုးသားများ တက်ဆင်းရန် လှေကားတစ်စင်းနှင့် အနောက် ဘက်တွင် အမျိုးသမီးများ တက်ဆင်းရန် လှေကားတစ်စင်း တပ်ဆင်သည်။
ဘောဂဆောင်သည် ဘုန်းကြီးကျောင်း၏ အနောက်ဘက်ဆုံး အဆောင်ဖြစ်ကာ ဆောင်မကြီး ကြမ်းခင်း အောက်သို့ နှိမ့်ထားလေ့ရှိသည်။ ဘောဂဆောင်ကို အခန်းသုံးခန်းဖွဲ့ပြီး ဘေးဘက်တစ်ခန်းတွင် ပန်းကန်ခွက်ယောက်များ ထား၍ ကျန်ဘေးခန်းတွင် စားသောက်ဖွယ်ရာများကို သိမ်းဆည်းပြီး အလယ် ခန်း၌ ကိုရင်များ နေကြသည်။
ယင်းအဆောင် လေးဆောင်အပြင် ကျောင်းသို့ထပ်တိုး ရောက်ရှိလာသည့် သံဃာများနေထိုင်ရန် အတွက် ဆောင်မကြီးရှေ့၌ဖြစ်စေ၊ ဆောင်မကြီးနှင့် ဘောဂဆောင်ကြား၌ဖြစ်စေ၊ ဆောင်မကြီးနှင့် စနုဆောင်ကြား၌ ဖြစ်စေ ခုံးဆောင်ဟု ခေါ်သည့်အဆောင်တစ်ခုကို သင့်လျော်သကဲ့သို့ ဆောက်လုပ် ကြသည်။ သို့သော် ခုံးဆောင်သည် မြေစိုက် အဆောင် မဟုတ်သဖြင့် ဘုန်းတော်ကြီးကျောင်း အဆောင် အရေအတွက်တွင် ထည့်သွင်းရေတွက်ခြင်းမပြုကြချေ။ ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦးပိုင်း ဘုန်းကြီး ကျောင်းအချို့တွင် ဆောင်မကြီးနှင့် ဘောဂဆောင်အကြား၌ ဘောဂ စနုဆောင်အမည်ဖြင့် အဆောင်ကူးတစ်ခုကို တည် ဆောက်ခဲ့ကြရာ ယင်းပုံစံကို ရွှေအင်ပင်ဘုန်းတော်ကြီးကျောင်း တွင် ခုံးဆောင်အဖြစ် မြင်တွေ့နိုင်ကြပေသည်။
ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းအများစုကို မြန်မာ့ ဗိသုကာဟန် စစ်စစ်ဖြင့်သာ တည်ဆောက်ခဲ့သော်လည်းအနောက်တိုင်းဟန် ရောနှော တည်ဆောက်ထားသည့် ကျောင်း များလည်း ရှိခဲ့သည်။ ဥပမာ – သာကဝန်ကျောင်း၊ ယောမင်းကြီးအုတ်ကျောင်း၊ အက္ကပတ်မြင်းဝန်ကျောင်း စသည်တို့ဖြစ်သည်။ ပါတော်မူပြီးနောက် လှူဒါန်း တည်ဆောက် သောဘုန်းကြီးကျောင်းများကိုမူ အုတ်ထည်ကို အသုံးပြုကာ အနောက်တိုင်းဗိသုကာ ဟန်ဖြင့် တည်ဆောက်ကြ၏။ မြန်မာဗိသုကာဟန် အနေနှင့် သရက်ကင်းလှေကား၊ ဘုရားခန်း မြန်မာမှုအမွမ်းပန်း၊ မျက်နှာကျက်ရွှေစာရေး၊ မာရဘင် ပန်းကွက်၊ ဟင်္သပဒါးခံရွှေပိန်းချတိုင် နှင့် မှန်စီရွှေချ အပြင်အဆင်များလည်း ခမ်းနားစွာ ထည့်သွင်း တည်ဆောက် ကြသည်။
တကယ်တော့ ဘုန်းကြီးကျောင်းကြီးများ၏ တည်ဆောက်မှုပုံစံ အခင်းအကျင်းများက ဘာသာရေး အဆောက်အအုံဟူသော သီးခြား ဖွဲ့စည်းမှု အပြင်အဆင် ဗိသုကာများ၊ အမွှမ်းပန်းအနုပညာများ သီးသန့်ရှိသည်။ နန်းတော်၏ အမွှမ်းပန်း(နန်းပြောက်) နှင့် ဘုန်းကြီးကျောင်း အမွမ်းပန်း (ကျောင်းပြောက်) ပင် မတူညီစေရပေ။ နန်းတော်က နန်းပြောက်) သည်ပင်လျှင်ဘုန်းကြီးကျောင်း အမွှမ်းပန်း (ကျောင်းပြောက်) ထက် လျှော့ထား နှိမ့်ထားရသည်။ ကျောင်းပြောက်နှင့် နန်းပြောက် မတူညီရတဲ့။ အခုတော့ ခေတ်ပေါ်ဘုန်းကြီးကျောင်းများ က လူနေအိမ်ကိုပဲ တုပ တည်ဆောက်ကြတော့သည်။ ဟော်တယ်လား၊ လူနေအိမ်လား၊ ဘုန်းကြီးကျောင်းလား မကွဲပြားတော့။ သူ့မူ သူ့ဟန် မရှိတော့။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ရှေးခေတ်မဟာဘုန်းကြီးကျောင်းများနှင့်ကျောင်းပြောက်၊ နန်းပြောက်