အပစ်ရပ်ပြီးနောက် ကျောက်မဲ ငြိမ်းချမ်းရေးကုန်းနားမှာ တိုက်ပွဲဖြစ်

 

ဇန်နဝါရီ ၁၃၊ ၂၀၂၄

Shy V (VOM)

ယာယီ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမှာ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက နစကတပ် နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

“အပစ်ခတ် ရပ်စဲဖို့ သဘောတူထားတာ ၂ ရက် မြှောက်နေ့ ပဲရှိသေးတယ် ဒီနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်မှာ စစ်တပ် နဲ့ TNLA တို့ အပြင်းအထန် တိုက်ပွဲ ပြန်ဖြစ်နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ကျောက်မဲကနေ မိုးကုတ်ဘက် အထွက်လမ်းဘက်ရှိ တအာင်းတပ်မတော် PSLF/TNLA တို့ စခန်းချထားတဲ့ ငြိမ်းချမ်းရေးကုန်းမှာ မနက် ၉ နာရီ ကျော်ခန့်ကစ ၂ နာရီခန့်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

“ဟုတ် ငြိမ်းချမ်းရေး ကုန်း ဘက်မှာပါရှင့်။ မြို့နဲ့ တဆက်ထဲပဲ။ မိုးကုတ်၊ မိုင်းလုံ သွားတဲ့ လမ်းပေါ်မှာ ရှိတာ။ အခုရော ဖြစ်နေတာ ဟုတ်တယ်။ အဲဘက်အသွားလာကိုတော့ ပိတ်ထားတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ကျောက်မဲမြို့ရှိ ၅၀၁ နဲ့ ၅၀၂ စစ်တပ်စခန်းမှတအာင်းတပ်မတော် PSLF/TNLA ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ ထိုးစစ်ဆင်လာလို့ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော် PSLF/TNLA မှ အခြေချတပ်စွဲထားတဲ့ ငြိမ်းချမ်းရေးကုန်းကို မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မည် စိုးရိမ်တာကြောင့် ဆုံးရှုံးမှုများမှာစိုးရိမ်လို့ ယာယီ နောက်ဆုတ်ပေးလိုက်ရကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။

အခု အပတ်ထဲ ဇန်နဝါရီလ ၁၁ ရက်နေ့မှာပဲ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်တို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ်မြောက် တွေဆုံဆွေးနွေးခဲ့ကြပြီး ယာယီ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Crd# ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW