သမ္မတ အပြောင်းအလဲနဲ့အတူ ပိုမိုအကဲဆတ်လာနိုင်တဲ့ ထိုင်ဝမ်-တရုတ် ဆက်ဆံရေး

 

တိုင်ပေ၊ ဇန်နဝါရီ-၁၅-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံကို ဒုက္ခပေးမယ့်သူနဲ့ အန္တရာယ်များတဲ့ ခွဲထွက်ရေးသမားလို့ ခေါ်ဝေါ်သမုတ် ခံခဲ့ရတဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက ဝီလျံလိုင်ကတော့ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၁၃ ရက်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတဖြစ်လာတော့မှာပါ။

တရုတ်လိုလားတဲ့ ကူမင်တန်ပါတီတို့လိုပါတီတွေ အရေးနိမ့်ပြီး ထိုင်ဝမ်လွတ်လပ်ရေးလိုလားတဲ့ ဒီမိုကရက်တစ်တိုးးတက်ရေးပါတီက သမ္မတနေရာအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာတော့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ သဘောထားဆန္ဒအများစုကို မထင်ဟပ်ဘူးလို့ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာ ဗျူရိုက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်မဲဆန္ဒရှင်အချို့ကတော့ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် ထိုင်ဝမ်ကျွန်းအရေးဟာ ပိုမိုဆိုးရွားလာမယ်လို့ ဆိုကြပါတယ်။ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ ရွေးချယ်မှုတခုလုပ်ရမယ်လို့ တရုတ်ဘက်က သတိပေးမှုတွေထိရှိခဲ့ပေမယ့် ထိုင်ဝမ်ပြည်သူတွေကတော့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ပုံရပါတယ်။

ရွေးကောက်ပွဲမှလည်း ဒီမိုကရက်တစ်တိုးတက်ရေးပါတီက သမ္မတရွေးကောက်ပွဲမှာ မျှော်မှန်းထားတာထက် ကျယ်ကျယ်ပြန့်ပြန့်အနိုင်ရရှိခဲ့ပြီး ထောက်ခံမှု ၄၀ ရာခိုင်နှုန်းထိ ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝီလျံလိုင် သမ္မတအဖြစ် ရွေးချယ်ခံရတာဟာ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် တတိယအကြိမ်ဆက်တိုက် အစိုးရကို ဦးဆောင်ခွင့် မကြံစဖူးရရှိတာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲအနိုင်ရတဲ့ ဝီလျံလိုင်ကတော့ နောက်ထပ်သက်တမ်းအတွက် အစိုးရဦးဆောင်ခွင့်ကိုပါ ကတိပြုထာပြီး ဒါကတော့ တရုတ်နဲ့ဆက်ဆံရေးကို စီမံခန့်ခွဲပုံနဲ့ တရုတ်ရဲ့တုံ့ပြန်မှုတွေက သူ့ရဲ့ သမ္မတသက်တမ်းကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အောင်ပွဲခံမိန့်ခွန်းမှာတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းခဲ့ပေမယ့် ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်နေပြီဖြစ်တာကြောင့် လွတ်လပ်ရေးကြေညာရန် မလိုဘူးလို့ ယခင်သမ္မတ ဆိုင်အင်းဝမ်ရဲ့မူဝါဒအတိုင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံအားပေးမှုနဲ့အတူ ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှာ ထိပ်တန်းရာထူးတွေရယူခဲ့တဲ့ ဝီလျံလိုင်ဟာ ယခင်သမ္မတဆိုင်အင်းဝမ်ထက် တရုတ်နဲ့ဆက်ဆံရေးမှာ သဘောထားတင်းမာသူလို့ အကဲခတ်တချို့က ရှုမြင်ကြပါတယ်။

သူနဲ့ ရွေးကောက်ပွဲမိတ်ဖက် ဒုတိယသမ္မတပြိုင်ခဲ့တဲ့ ရှောင်ဘိုင်ကင်းဟာ အမေရိကန်မိခင်နဲ့ ထိုင်ဝမ်ဖခင်တို့က မွေးဖွားခဲ့တာဖြစ်ပြီး မကြာသေးမီက ထိုင်ဝမ်ရဲ့ အမေရိကန်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးကို တရုတ်ဘက်က ခွဲထွက်ရေးသမားအဖြစ် သတ်မှတ်ပြီး သူမနဲ့ ဝီလျံလိုင်တို့ကို ပြည်မကြီးနဲ့ ဟောင်ကောင်ခရီးသွားခွင့်တွေကို တရုတ်အစိုးရက ပိတ်ပင်ထားပါတယ်။

ဒါကြောင့် ရေလက်ကြားအရေးနဲ့ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်းပင်နဲ့ ထိုင်ဝမ်သမ္မတသစ်တို့ကြားမှာတော့ တွေ့ဆုံဆွေးနွေရေးက တံခါးပိတ်လျက်ပင်ရှိနေပြီး နှစ်ဘက်စလုံးဟာ ၂၀၁၆ ခုနှစ်ကတည်းက တရားဝင်ဆက်ဆံရေး မရှိခဲ့ကြပါဘူး။

ထိုင်ဝမ်ကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း အသိအမှတ်ပြုဖို့ကို ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ငြင်းဆန်လိုက်တာကြေင့် ဆက်ဆံရေးပြတ်တောက်သွားတာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ တရုတ်ဟာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးမြှင့်လာခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ၂၀၂၂ ခုနှစ်မှာ ထိုင်ဝမ်ကိုလာတုန်းကလည်း ကျွန်းအနီးမှာ ပိတ်ဆို့ စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ပြီး မကျေနပ်ကြောင်း ပြသခဲ့သလို ထိုင်ဝမ်ကို အသိအမှတ်မပြုတဲ့နိုင်ငံငယ်တွေကို စည်းရုံးကာ ထိုင်ဝမ်ထုတ်ကုန်တွေကို အရေးယူပိတ်ဆို့တာမျိုးတွေလို စီးပွားရေးနဲ့ သံတမန်ရေး ဖိအားတွေ ဆက်တိုက်ပေးခဲ့ပါတယ်။

ဒီအခြေအနေမှာ ထိုင်ဝမ်သမ္မတသစ် ဝီလျံလိုင်အနေနဲ့ ယခင်သမ္မတ ဆိုင်အင်းဝမ်လမ်းစဉ်အတိုင်း တရုတ်ရဲ့ ဖိအားကို ကြံ့ကြံ့ခံ ရင်ဆိုင် ခုခံနိုင်မယ့်နည်းလမ်းကို ဆက်သွားရဖို့ တနည်းပဲရှိပါတော့တယ်။

ထိုင်ဝမ်ဟာ လက်ရှိမှာ ဂျီဒီပီရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုနေပြီး တောင်ကိုရီးယားလို ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွင်းနိုင်ငံတွေထက် လွန်စွာနည်းပါးတဲ့ ပမာဏသာဖြစ်ကာ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်စွမ်းနည်းပါးနေပါတယ်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီဟာ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် လွှတ်တော် ရွေးကောက်ပွဲမှာတော့ ကူမင်တန်ပါတီနဲ့ မဟာမိတ်တို့က လွှမ်းမိုးထားတာကလည်း သမ္မတဝီလျံလိုင်ဦးဆောင်မယ့် ထိုင်ဝမ်အစိုးရရဲ့ စစ်ရေးအပါအဝင် တခြားဆုံးဖြတ်ချက်တွေအပေါ် အတားအဆီးတခု ဖြစ်လာနိုင်ပါတယ်။

သမ္မတသစ်အနေနဲ့ ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲဖို့၊ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော ထုတ်လုပ်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ဖို့၊ အမေရိကန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးအပြင် ဂျပန်၊ ဥရောပတို့နဲ့လည်း ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့တွေကို ဆက်လုပ်ဖို့သာရှိပါတယ်။

တရုတ်ဘက်ကလည်း ဒီရွေးကောက်ပွဲဟာ ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်စလုံးရှိ ပြည်သူတွေရဲ့ ပြန်လည်ပေါင်းစည်းရေး ဘုံဆန္ဒကို ပြောင်းလဲလို့ရမှာမဟုတ်ကြောင်းနဲ့ ပေါင်းစည်းရေးလုပ်ဆောင်မှုတွေကို ရပ်တန့်မှာမဟုတ်ဘူးလို့ ဆိုထားတာကြောင့် လိုအပ်ရင် စစ်ရေးအင်အား သုံးမယ်လို့ အခိုင်အမာပြောဆိုထားတဲ့ တရုတ်အနေနဲ့ ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်ဖွယ်ရှိနေပါတယ်။

ဒီလိုအခြေအနေမှာ ထိုင်ဝမ်လွတ်လပ်ရေးလိုလားသူတဦး သမ္မတဖြစ်လာတဲ့ ရွေးကောက်ပွဲရလဒ်နဲ့အတူ ထိုင်ဝမ်ရေလက်ကြားတလျှောက် ရှိနှင့်ပြီးသား တင်းမာမှုအခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေမှာကို အမေရိကန်အပါအဝင် လေ့လာသူအချို့က စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

Ref:BBC/CNBC

Photo:AFP/AP/Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW