ခမောက်ကြီးမြို့နယ် ဆိတ်ဖူး – မာရမ်း ကားလမ်းမှာ ကားတစီးပစ်ခတ်ခံရလို့ လူနှစ်ယောက် သေဆုံး

ဖေဖော်ဝါရီ ၊ ၂ ၊ ၂၀၂၄
SP (VOM)

တနင်္သါရီတိုင်း ၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ် ၊ ခမောက်ကြီး(မြို့နယ်ခွဲ) ၊ မာရမ်းကျေးရွာ နဲ့ ဆိတ်ဖူးကျေးရွာကြား ကားလမ်းမှာ မနေ့ ဖေဖော်ဝါရီ ၁ ရက် ၊ မနက်ပိုင်းက အိမ်စီးကား တစီးပစ်ခတ်ခံရပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ လူနှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ပရဟိတ သမားတယောက်က ” မနေ့ မနက်က ၁၁ နာရီဝန်းကျင်လောက်မှာ ဆိတ်ဖူးကျေးရွာကနေ မာရမ်းကျေးရွာ (မာရမ်းရွာဆိုတာ မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်) ကို ကားနဲ့ ပြန်အလာ လမ်းမှာ ပစ်ခတ်ခံရတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ဦးစိုးတင့် ဆိုသူနဲ့၊ သူ့သားဖြစ်သူ ကိုနေစိုးဦး ( ရဲဝန်ထမ်း) တို့ သားအဖနှစ်ယောက်စလုံး နေရာမှာတင် သေဆုံးနေတယ် ၊ သေဆုံးသူတွေက မာရမ်းရွာမှာနေထိုင်တာဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကော့သောင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနက်က ၁၀ နာရီ ၅၀ မှာ ပစ်ခတ်မှုဖြစ်တယ် ၊ မာရမ်းရွာမှာ ဖခင်ဖြစ်သူ ကျန်းမာရေး မကောင်းလို့ သူ့သားဖြစ်သူက ပြုစုဖို့သွားတယ် ၊ အဲ့ဒီမှာ ပစ်ခတ်ခံရပြီး သားအဖနှစ်ယောက်စလုံး သေဆုံးတယ် ၊ သားဖြစ်သူက သတင်းရဲတပ်ဖွဲ့က ရဲတပ်ကြပ် ဖြစ်တယ်လို့ ကနဦးသိရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ အခင်းဖြစ်နေရာကို နယ်မြေခံ လုံခြုံရေး အဖွဲ့တွေက သွားရောက်ပြီး နယ်မြေရှင်းလင်းနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၁၈ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က မွန်ပြည်နယ် ၊ ရေးမြို့ ၊ အောင်သုခ ရပ်ကွက်ထဲမှာ ကားနဲ့လာတဲ့ သတင်းရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စု ၁၁ က ရဲအုပ် မြင့်လွင် ဆိုသူ ပစ်သတ်ခံရကာ ၊ နထင်ပွင့်ထွက် ဒဏ်ရာရပြီး ကားပေါ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW