ရှမ်းမြောက်မှာ တိုက်ပွဲငြိမ်ပြီမို့ စစ်ရှောင်တွေပြန်လာဖို့ ထိမ်းချုပ်ထားတဲ့ အဖွဲ့တွေက ဖိအားပေးခေါ်ယူ

ဖေဖေါ်ဝါရီ ၅_၂၀၂၄

ShV(VOM)

 

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့အနေနဲ့ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော် ၊လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်းမြို့တွေကို ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ TNLA တအာန်းအမျိုးသားလွတ်မြောက်ရေး ကတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့တွေကို ထိမ်းချုပ်ထားပြီးဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမှာ အပစ်ရပ်ရေး ဆွေးနွေးခဲ့ကြပြီးနောက်  ဟိုင်ဂင်သဘောတူညီချက်လို့ အမည်ရတဲ့ အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်မှာ တိုက်ပွဲတွေလည်း အတော်ကျဲသွားခဲ့ပြီဖြစ်ပါတယ်။

 

 

ဖေဖေါ်ဝါရီ ၂ ရက်နေ့ မှာတော့ ရှမ်းပြည်နယ် အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီဆိုပြီး MNDAA က သူတို့ထိမ်းချုပ်ဒေသက စတိုးဆိုင်၊ ကုမ္ပဏီနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေကို တောင်းဆိုချက် ၉ ချက်ပါတဲ့ ထုတ်ပြန်ချက်နဲ့ လုပ်ငန်းပြန်လည်ပတ်ရာမှာ သတ်မှတ်တဲ့ စည်းကမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ တရားဝင်ထောက်ခံချက်တွေ လုပ်ငန်းလိုင်စင်တွေကို ကုန်သွယ်ရေးကြီးကြပ်ရေးရုံးကို လာရောက်မှတ်တမ်းတင်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းလိုင်စင်ပျောက်ဆုံးရင် အာမခံသူ နှစ်ယောက်ရဲ့ ထောက်ခံစာပါရှိရမယ်ဆိုတာတွေအပြင် ပြန်လည်လုပ်ငန်းလိုင်စင်လုပ်ရမယ့် သူတွေကို အကြောင်းကြားချက်တွေနဲ့အတူ တရုတ်နှစ်ကူးရုံးပိတ်ရက်တွေကို ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

 

ဒီလိုဖိတ်ခေါ်တာတွေအပြင် ဖေဖေါ်ဝါရီ ၂ရက်ကလည်း MNDAAက သန္နီမြို့နယ်က ကျေးရွာတာဝန်ခံတွေကို အစည်းအဝေးခေါပြီး ပြောဆိုခဲ့တဲ့အကြောင်းအရာတွေကို

သိန္နီဒေသခံ တယောက်က

 

“တနေ့က ကိုးကန့်အဖွဲ့က စံလောင်းရွာဘက်မှာ ကျေးရွာတာဝန်ခံတွေကို စည်း‌ဝေးခေါ်တယ် ဒီအစည်းအဝေးမှာ စစ်ရှောင်သွားသူတွေ ပြန်လာဖို့ခေါ်ရမယ် ဖေဖေါ်ဝါရီ ၁၅ နောက်ဆုံးအချိန်ပေးမယ်လို့ပြောတယ်။ ၁၅ရက်နေ့ ကျော်ရင် ပြန်လာမနေတဲ့ အိမ်တွေကို ချိတ်ပိတ်မယ်၊ ချိတ်ပိတ်ခံရပြီဆိုရင် အိမ်တွေကို ဆေးအနီနဲ့ ကြက်ခြေခတ်ထားမယ်လို့ ပြောတယ်။ သိန္နီမှာ တချို့အိမ်တွေကို လုပ်ဆောင်ထားပြီးပြီပြောတယ်၊ တကယ်လို့ပြန်လာသူတွေထဲက MNDAA မှာ စစ်မှုထမ်းမယ်ဆိုရင် တရုတ်ငွေ သုံးထောင်နဲ့ ဆန်တအိတ် ထောက်ပံ့မှာဖြစ်သလို  စစ်မှုထမ်းမယ့်သူ ရှာဖွေစုဆောင်းပေးနိုင်ရင် တယောက်အတွက် တရုတ်ငွေ တထောင် ဆုချမယ်လို့ ပြောသွားတယ်” လို့ သိရတဲ့ အကြောင်းအရာတွေကို ပြန်ပြောပြပါတယ်။

 

ဒီလိုအကြောင်းအရာတွေအပြင် စစ်မှုထမ်းဟောင်းတွေ ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း MNDAA နဲ့ ပူးပေါင်းရင် ဖမ်းဆီးတာပြုလုပ်မှာမဟုတ်ကြောင်း စစ်ရှောင်ဒေသခံတွေ ပြန်လာဖို့သာ၊  အရေးကြီးတယ်လို့ ကိုးကန့်အဖွဲ့တာဝန်ရှိသူတွေက ပြောတယ်လို့ သိရပါတယ်။ သိန္နီဒေသခံဆက်ပြောတာက

“ ဒီဖိတ်ခေါ်ချက်က ဖိအားပါနေတယ်၊ တိုက်ပွဲတွေက လုံးဝပြီးပြတ်တယ်လို့ပြောမရသေးဘူး၊ အချိန်မရွေးပြန်ဖြစ်လာရင် လူငယ်တွေအနေနဲ့  စစ်မှုထမ်းရမှာ နောက်ပြီး စီးပွားရေးလုပ်ကိုင်ဖို့ စားရေးသောက်ရေး သွားလာရေးကစ အဆင်မပြေနိုင်သေးတော့ အခက်ခဲအများကြီးရှိတယ်” လို့ ဆိုပါတယ်။

 

ရှမ်းပြည်မြောက်ပိုင်းကနေ မေမြို့ကိုလာပြီး စာသင်နေကြတဲ့ အထက်တန်းအရွယ်ကလေးတွေကိုလည်း စစ်မှုထမ်းဖို့ သူတို့ဒေသတွေက ပြန်ခေါ်လို့ အတန်းတင်စာမေးပွဲတောင် မဖြေရဘဲ ပြန်သွားရတာ ထောင်ချီရှိနေကြောင်း ကျောင်းသားမိဘတယောက်က ပြောပြပါတယ်။

 

“မေမြို့မှာ အရပ်အခေါ် ယူဂျင်းကျောင်းနဲ့ ဉာဏ်တောကျောင်းလို့ခေါ်တဲ့ တရုတ်စာရော ဗမာသင်ရိုးပါသင်တဲ့ကျောင်းတွေမှာ အထက်တန်းအဆင့်သင်နေတဲ့ကလေးတွေ ထောင်ချီပြီးပြန်ရတော့ ကလေးတယောက်က သားတို့မပြန်လို့မရဘူး အိမ်က အဖေနဲ့အမေက အတင်းပြန်ခေါ်နေတာ စစ်မှုမထမ်းရင် သူတို့အရေးယူခံရမှာမို့ စာမေးပွဲမဖြေတော့ဘူးဆိုပြီး အများကြီးပြန်သွားကြတာ၊ စာမေးပွဲဖြေမသွားကြဘူး ခုကျောင်းမှာ တရုတ်စာသင်တဲ့ ဗမာနဲ့ တခြားတိုင်းရင်းသားအနည်းငယ်ကျန်တာနဲ့ စာမေးပွဲဖြေ ကျောင်းပိတ်လိုက်ရတယ်။ “ လို့ ပြောပြပါတယ်။

 

လောက်ကိုင်ကနေ မန္တလေးရောက်နေပြီး မန္တလေးမှာဘဲ အခြေချဖို့ ကြိုးစားနေတဲ့ ရှမ်းတရုတ်အိမ်ထောင်ရှင်မ တယောက်က

 

“ နေမရတော့လို့ ပြေးလာရတော့ လမ်းမှာ ကားတွေ ထားခဲ့ရတယ်။ ဒုက္ခသည်ဆို ဒုက္ခသည်ကားနဲ့လိုက်ရမယ်လို့ပြောတယ်။ကားတွေမှ အများကြီး လမ်းဘေးဒီတိုင်းထားခဲ့ရတာ။ အဝတ်အစားတွေလည်း ဘာမှ မယူရဘူး။ အရေးကြီးစာရွက်စာတမ်းအိတ်ကလေးနဲ့ အဝတ်တထည်ကိုယ်တခုပဲ။ ကလေးငယ်လေးတွေပါတော့ ကလေးပစ္စည်းလေးနည်းနည်းပါးပါးပေါ့။ ဒါပဲ သယ်ရတာ။ ပြီးတော့ သူတို့ပြောတဲ့နေရာဆီ လမ်းလျှောက်သွားရတာ။ ၂ နာရီလောက်ကြာမယ် လျှောက်ရတာ။ ကလေးတွေဆို ငိုကြတာ။ မွေးကင်းစ ကလေးအမေတွေဆို ဒုက္ခတအားရောက်ကြတာ ပြန်ကိုမပြောပြချင်တော့ဘူး။ အရင်တခါဖြစ်တုန်းကတရုတ်ပြည်ထဲပြေးလို့ရတယ်၊ ခုက တရုတ်က မလာခိုင်းတော့ မန္တလေးဖက်ပြေးရတာ။ အခုပြန်ဆို ဘယ်လိုပြန်ရမလဲ။ ဟိုမှာလည်း အိမ်က ဘယ်လိုအခြေအနေရှိလဲမသိ။ အေးလည်း မအေးချမ်းသေးတော့ မပြန်ရဲသေးပါဘူး” လို့ ဆိုပါတယ်။

 

နမ့်ခမ်းကနေ စစ်ရှောင်ဖို့ တခြားနယ်ကို ရောက်နေတဲ့ ဒေသခံတယောက်ကတော့

 

“ နမ့်ခမ်းမှာတော့ တိုက်ပွဲ ပြီးပြီးချင်းတော့ အိမ်တွေ ချိတ်ပိတ်လိုက်တာ ရှိပေမယ့် ပြန်လာရင် ပြန်ပေးမယ့်အကြောင်း  ပြန်မလာတဲ့ အိမ်ကို ချိတ်ပိတ်တာ အရင်တုန်းက ရှိပါတယ်၊ ပြန်လာရင်တော့ ပြန်နေလို့ ရတယ်။” လို့ သူက ပြောပါတယ်။

 

လက်ရှိမှာတော့ ပြန်ချင်တဲ့လူလည်း အိမ်ပြန်နေကြပြီး မပြန်ချင်တဲ့လူတွေကလည်း တရုတ်ပြည်ဘက် သွား အလုပ်လုပ်ကြတယ်လို့ နောက်ထပ် ဒေသခံ တဦးက ပြောပါတယ်။

 

“နမ့်ခမ်းမှာတော့ TNLA ဖက်က အိမ်သိမ်းတာ‌တွေ၊ စစ်ရှောင်စခန်းတွေကို ဖိအားပေးတာတွေ၊ ဖျက်သိမ်းခိုင်းတာမျိုးတွေ သိပ်မရှိပါဘူး။ အိမ်ဖောက်ခံရတာ၊ အိမ်ထဲ ပစ္စည်း ဝင်ခိုးခံရတာတော့ ရှိတယ်။ အထူးသဖြင့် လူငယ်တွေကတော့ နေရပ် သိပ်မပြန်လာဘူး။ စစ်မှုထမ်းဖို့က TNLA မှမဟုတ်ဘူး ရှမ်းတပ်တွေကလည်း ကောက်တာပါဘဲ၊ ဆက်ကြေးတွေကတော့ အမြဲတမ်းပေးနေရတာပါပဲ။ မထူးဆန်းတော့ပါဘူး။ စားဖို့သောက်ဖို့အပြင် ဆက်ကြေးကတော့ ရှာရတာပဲ” လို့ သူက ပြောပါတယ်။

 

မုံးကိုးမြို့နဲ့ ပန်ဆိုင်းမြို့နယ် တွေမှာတော့ စစ်ရှောင်ပြီး နေအိမ် ပြန်မလာတဲ့ နေအိမ်တွေကို ကိုးကန့် MNDAA ဘက်က ချိပ်ပိတ်လိုက်တာ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မုံးကိုးဘက်မှာတော့ စစ်ရှောင်ပြီး ပြန်မလာလို့ အိမ်တွေ ချိပ်ပိတ် ခံရတာတွေ ရှိတယ်။ တော်တော်များများ ရှိတယ်။ ပြည်သူ့စစ်လုပ်တဲ့ မိသားစုတွေကို ခေါ်တာ မလာလို့ ဒီ မုံးကိုးမှာ ဆိုင်ဖွင့်နေတဲ့ ဟာတောင် ပိတ်ခိုင်းလိုက်တယ်။ ချိပ်ပိတ်ခိုင်းပြီးတော့ လူလည်း မနေခိုင်းဘူး” လို့ မုံးကိုး ဒေသခံ အမျိုးသား တဦးကပြောပါတယ်။

 

ဒီလိုတွေအပြင် နှစ်ပေါင်းများစွာ ရှိနေတဲ့ KIA တပ်ဖွဲ့ တွေကိုလည်း ‌မကြာခဏ မောင်းထုတ်တာမျိုး တွေ့နေရပြီး  ပန်ဆိုင်းမြို့နယ်၊ မုံးပေါ်ဒေသမှာလည်း ပြည်သူ့စစ်လုပ်ဖူးတဲ့ ဒေသခံတွေရဲ့နေအိမ်၊ ဆိုင်တွေကို MNDAA က သူတို့သော့နဲ့ သော့ခတ် ချိတ်ပိတ်တာမျိုးရှိတယ်လို့လည်း  သူက ပြောပါတယ်။

 

မူဆယ်ဝန်းကျင်မှာ နေနေတဲ့ ဒေသခံတယောက်ကတော့

 

“ မူဆယ် – ၁၀၅ မိုင်ကြား အသွားအလာ လမ်းပေါ်မှာတော့ ဗမာ လူမျိုးဆိုရင် တော်တော် ရစ်ပြီး စစ်ဆေးတာမျိုး ရှိပြီး စစ်တပ်ဂိတ်၊ TNLA ဂိတ်၊ KIA ဂိတ်၊ AA ဂိတ်တွေ ရှိပြီး TNLA ဂိတ် အများဆုံး ရှိပါတယ်။ ဆက်ကြေးက စစ်တပ်ရှိတဲ့ မူဆယ် မြို့ပေါ်တွေမှာလည်း ပုံမှန် ကောက်နေတာပဲ။ ခါတိုင်းထက် ပိုကောက်တာမျိုးတော့ မရှိသေးပေမယ့် မူဆယ်ခရိုင်အတွင်းမှာတော့ဒေသခံတွေ အနေနဲ့ အစိုးရ အခွန်အပြင် KIA, TNLA, SSPP/SSA စတဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေဆီလည်းအခွန် မဆောင်မနေရ ဆောင်ရပါတယ်။ မူဆယ်ခရိုင်းအတွင်းက MNDAA က တရုတ်၊ လီဆူ၊ ကချင်တွေကို စစ်သားစုဆောင်းတာရှိပြီးKIA က ကချင်လူမျိုး၊ TNLA က ပလောင်လူမျိုး နဲ့ SSPP/SSA က ရှမ်းလူမျိုး တွေကို စစ်သားစုဆောင်းတာ ရှိပါတယ်” လို့ မူဆယ်ဝန်းကျင်မှာ နေသူက ရှင်းပြပါတယ်။

 

TNLA ထိမ်းချုပ်ထားတဲ့ နမ္မတူမြို့က ဒေသခံတယောက်ကတော့

“ လက်ရှိ နမ္မတူမြို့မှာတော့ စစ်ရှောင်တွေ အကုန်လုံး နီးပါး ပြန်လာကြပါပြီ ဖြစ်ပြီ TNLA ဘက်က အိမ်တွေ သိမ်းတာ၊ ချိပ်ပိတ်တာမျိုးတော့ မတွေ့ရသေးဘူး သူတို့ မသင်္ကာလို့ တစ်ခုခု ဖြစ်တာမျိုးတွေ ဆိုရင်တော့ရှိမှာပါ၊ အစိုးရ ဝန်ထမ်းတွေကိုတော့သူတို့ ပြန်ခေါ်တယ်။ လုပ်ချင်တဲ့လူလုပ်၊ မလုပ်ချင်တဲ့ လူလည်း ရတယ်။ မလုပ်ချင်တဲ့ သူတွေလည်း ဒီတိုင်း နေနေရင်လည်း ဘာမှ မဖြစ်ဘူး။ လာနေနေကြတယ်။ ကျောင်းဆရာတွေ၊ ဆရာမတွေလည်း CDM ရော၊ CDM မဟုတ်တဲ့ သူတွေရော ခေါ်ပြီးတော့အစည်းဝေး လုပ်ကြတယ်။ တကယ်လို့ ကျောင်းဖွင့်ရင် လုပ်ချင်ရင်လည်း မိမိဆုံးဖြတ်ချက်ပဲ။ မလုပ်ချင်ဘူးဆိုလည်း ဘာမှ မဖြစ်ဘူးလို့ ပြောတယ်။” လို့ သူက ရှင်းပြပါတယ်။

နမ္မတူ နမ့်လာမှာတော့ TNLA အဖွဲ့က အိမ်ခြံဝင်း မြေကော်စက်နဲ့ တူးလိုက်တာတော့ ၂ နေရာ ရှိနေတယ်လို့ ဆိုပါတယ်။

” အဲဒါလည်း ဘယ်လို ပြန်ညှိနှိုင်းကြမလဲ မသိဘူး။ ပြန်ပေးမလား၊ ဘယ်လိုလဲတော့ မသိဘူး။  သိပ်တော့ အဆင် မပြေကြသေးဘူးထင်တယ်။ မြို့ထဲမှာ ခြံဝင်း တဝင်း ဟုတ်တယ်။ ဟို ခြံဝင်း တဝင်းက လူမျိုးခြားအိမ် လို့ပြောတယ်။ မြို့ထဲက အိမ်ကကချင်အိမ်လို့ ကြားတယ်” လို့ သူက ရှင်းပြပါတယ်။

 

လောက်ကိုင်မြို့ ကိုတော့ တချို့ လားရှိုးဘက်ကနေ လာလို့ရတဲ့လမ်းတွေက ပြန်လာတာတွေရှိပေမယ့် တရုတ်စကား နဲ့ တိုင်းရင်းသားဘာသာစကားမတတ်ရင် ပြန်ရခက်ကြောင်းနဲ့  အသိမှတ်ပြုကဒ်တွေ လုပ်ရကြောင်း တရုတ်ဘာသာစကားတတ်တဲ့ တိုင်းရင်းသူတယောက်ပြောပြတာက

“ လောက်ကိုင်မြို့မှာတော့ ပစ္စည်း လာရောက်ယူ‌ချင်တဲ့ သူတွေ ပစ္စည်း ပိုင်ရှင် ဖြစ်ကြောင်း သက်သေ အထောက်အထားတွေအပြည်အစုံ ပြန်လာယူလို့ပြီ ဖြစ်ပေမယ့် တခြားတိုင်းရင်းသား ဘာသာ စကား မတတ်တဲ့ ဗမာ လူမျိုးတွေ အတွက် အခက်အခဲရှိပါတယ်။ လောက်ကိုင်မှာနေတဲ့ ကိုးကန့်အသိမှတ်ပြုကဒ် ကိုင်ထားသူက အာမခံမှ ယူလို့ရတယ်။ တရုတ်စကားမတတ်ဘူး ဗမာဆိုရင် စစ်သားဖြစ်မှာစိုးလို့ဆိုပြီး တင်းတင်းကျပ်ကျပ်စစ်ပါတယ်။ ရှမ်းတိုင်းရင်းသားဆို ရှမ်းလိုပြောတတ်ရင်လည်းရတယ် ဗမာတွေအဖို့တော့ အတော်အခက်ခဲဖြစ်တယ်“ လို့ ဆိုပါတယ်။

 

ဒီလိုအခြေအနေတွေမှာ စိုးရိမ်မှုအမျိုးမျိုးကြောင့် မပြန်ချင်သူ အမျိုးမျိုးရှိပေမယ့်လည်း တခြားတဖက်မှာတော့   ပိုင်ဆိုင်မှုတွေထားခဲ့ရလို့ ပြန်ချင်သူ၊ အလုပ်အကိုင်အခွင့်အလမ်းကြောင့်ပြန်ချင်သူ ၊ သူများဒေသမှာ တိုက်ပွဲရှောင်ရတာ ခက်ခဲလာလို့ ပြန်ချင်သူ ၊ အတင်းအကျပ်ဖိအားကြောင့် ပြန်ရသူ စသဖြင့် ရှိကြပေမယ့် လွယ်လွယ်ကူကူတော့ ပြန်ရသူမရှိဘဲ အခက်အခဲကတော့ ကိုယ်စီရှိနေကြပါတယ်။

 

ဘယ်လိုအကြောင်းတွေကြောင့် ပြန်ဖို့ မပြန်ဖို့ စဉ်းစားချက်တွေဖြစ်နေရသလဲဆိုတဲ့ အကြောင်းတရားတွေကို တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တယောက် ဝေဖန်တာကတော့

“ အတင်းအကျပ်ဖိအားနဲ့ ပြန်ခေါ်တာကြောင့် မလွှဲသာလို့ ပြန်ရမယ်ဆို အဆင်မပြေနိုင်သေးပါဘူး၊ လူမျိုးရေးခွဲခြားတာတွေက ရေရှည်မှာအစဉ်မပြေနိုင်ဘူး ၊ပလောင်ဆိုလည်း ပလောင်အချင်းချင်းကြား မညီညွတ်တာတွေရှိတာဘဲ၊ ခုက TNLAက အုပ်ချုပ်ဖို့ ဥပဒေလုပ်တယ်ဆိုပေမယ့် တကယ်အသက်ဝင်မယ့် ဥပဒေမဟုတ်သေးဘူး ၊ အုပ်ချုပ်မှုအားနည်းသေးတော့ ထိမ်းသိမ်းရခက်ဦးမယ်၊  ခုကိုက အိမ်တွေဖေါက်ထွင်းခိုးခံရတာတွေ ပြန်ပေးဆွဲတာတွေ စသဖြင့်ရှိနေတာ အစိုးရတရပ်လိုလုပ်ဖို့က အတော်လိုဦးမယ် ဝန်ကြီးဌာနတွေလို ဖွဲ့စည်းရဦးမယ် လေ့ကျင့်ရဦးမယ်၊ ထူထောင်ရေးကမလုပ်လို့မရ လုပ်ရမယ်။ တဖက်မှာက စစ်တပ်က ပြန်တိုက်မှာဘဲ စစ်ပွဲက လုံးဝပြီးတာမှမဟုတ်တော့ ဒေသခံတွေပြန်ဖို့က စဉ်းစားစရာတွေ တပုံကြီးပါ ဘယ်သူမှ စိတ်ချလက်ချပြန်နိုင်မယ်မထင်ပါဘူး “ လို သူ့အမြင်ကို သုံးသပ်ပြပါတယ်။

 

TNLA နဲ့ MNDAA တို့က အုပ်ချုပ်ရေးအစိုးရတရပ်အနေနဲ့ အုပ်ချုပ်ပြဖို့  ဥပဒေတွေရေးဆွဲ ကြိုးစားနေပေမယ့် လက်တွေ့ မြေပြင်မှာတော့ အခက်အခဲတွေအများကြီး ရှိနိုင်သေးကြောင်း ၊ အရင်ကတည်းက စစ်သားစုဆောင်းမှုတွေကြောင့် ဒေသစွန့်ခွာသူ လူငယ်တွေများလာတာအပြင် ခုတိုက်ပွဲအခြေအနေတွေဟာ ခဏငြိမ်တာဖြစ်ပြီး အချိန်မရွေးပြန်ဖြစ်လာနိုင်သေးတယ်ဆိုတဲ့ အမြင်တွေကြောင့် နေရပ်ရင်းပြန်လိုသူနဲ့ ပြန်နေသူတွေကြား စိုးတထိတ်ထိတ်နဲ့ ဒွိဟ ဖြစ်နေကြသေးကြောင်း VOM က ဆက်သွယ်မေးမြန်းသူတွေရဲ့ အဖြေအတွေအရ သိရှိရပါတယ်။

 

#ဓါတ်ပုံ -ကိုသိန်းမင်းထွန်း-  လားရှိုးကိုရောက်လာတဲ့ တိုက်ပွဲရှောင်ပြည်သူများ

 

#voiceofmyanmar #VOM #စစ်ရှောင်တွေပြန်လာဖို့ထိမ်းချုပ်ထားတဲ့အဖွဲ့တွေကဖိအားပေးခေါ်ယူ #ရှမ်းပြည်မြောက်ပိုင်း #TNLA #MNDAA

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW