VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

 

– လူသားတွေလို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုကလေးငယ် ဖန်တီးလိုက်ပြီ

– ကမ္ဘာ့ပထမဆုံး ဇိမ်ခံရေငုပ်သင်္ဘောအကြောင်း

– ဉာဏ်ရည်တုနည်းပညာက အလုပ်အကိုင်တွေအပေါ် ဘယ်လောက်သက်ရောက်နိုင်မလဲ

ဖေဖော်ဝါရီ-၅-၂၀၂၄

မျိုးဆက်(VOM)

#(၁)လူသားတွေလို တုံ့ပြန်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုကလေးငယ် ဖန်တီး

လူသားတွေနည်းတူ တုံ့ပြန်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုကလေးငယ်လို့ ယူဆလို့ရတဲ့ စက်ရုပ်လူသားကို တရုတ်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြသလိုက်ပါတယ်။

ဒီကလေးငယ်ကို Beijing Institute for General Artificial Intelligence (BIGAI) ကနေ ဖန်တီးခဲ့တာဖြစ်ပြီး Tong Tong သို့မဟုတ် မိန်းမငယ်လေးလို့ အမည်ရတဲ့ ဉာဏ်ရည်တုကလေးငယ်ကို မကြာသေးမီက ပေကျင်းမှာ ပြသခဲ့တာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ ကမ္ဘာကျော်ပညာရှင်တယောက်ဖြစ်တဲ့ ဇူဆောင်ချွန်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ ခေတ်မှီတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ်ပါတယ်။

ဖန်တီးထားတဲ့ ဉာဏ်ရည်တု ကလေးငယ်ဟာ လူသားတယောက်လို တွေးခေါ်ဆင်ခြင် သင်ယူနိုင်တဲ့ General artificial intelligence (AGI) စနစ်ရရှိဖို့ အရေးပါတဲ့ခြေလှမ်းတရပ်အဖြစ် တရုတ်သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပြီး Tong Tong ကို သုံးနှစ်အရွယ် သို့မဟုတ် လေးနှစ်အရွယ် ကလေးတယောက်ရဲ့ အပြုအမူနဲ့ စွမ်းရည်တွေရှိအောင် ဖန်တီးထားပါတယ်။

သူမဟာ ဧည့်သည်တွေနဲ့ ထိတွေ့ဆက်ဆံမှုစမ်းသပ်စဉ်မှာ စောင်းနေတဲ့ ဓါတ်ပုံဘောင်တွေကို ပြန်တည့်တာ၊ ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်တာနဲ့ အမြင့်တွေကို မှီအောင် ပစ္စည်းတွေကို အသုံးချတာတွေပါ ပြုလုပ်နိုင်ပါတယ်။

အရည်တွေဖိတ်စင်တာမျိုးနဲ့ အရှုပ်အထွေးတွေကို ရှင်းလင်းရာမှာလည်း လုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိပြီး လူ့စိတ်ဆန္ဒကို တုံ့ပြန်နိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

 

#(၂) ကမ္ဘာ့ပထမဆုံး ဇိမ်ခံရေငုပ်သင်္ဘော စတင်ခုတ်မောင်းဖို့ စီစဉ်နေ

သြစတြီးယားအခြေစိုက် Migaloo ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး ဇိမ်ခံရေငုပ်သင်္ဘောကို တီထွင်ဖန်တီးလိုက်ပြီး များမကြာမီမှာ ခုတ်မောင်းဖို့ စီစဉ်နေပါတယ်။

ဥရောပအခြေစိုက် ပုဂ္ဂလိကရေငုပ်သင်္ဘော ကုမ္ပဏီဖြစ်တဲ့ Migaloo ဟာ ဇိမ်ခံရွက်လှေတွေရဲ့ အနာဂတ်လို့ တင်စားခံထားရပြီး အမှာစာအများအပြားရရှိထားတယ်လို့ သတင်းတွေကဆိုပါတယ်။

ဒီဇိမ်ခံရေငုပ်သင်္ဘောဟာ တလကြာထိ ရေအောက်မှာသွားလာနိုင်ဖို့အလားအလာရှိတဲ့ အဆင့်မြင့် ပေါင်းစပ်ရေငုပ်သင်္ဘောအဖြစ်လည်း ချီကျူးခံထားရပြီး ထူးခြားတဲ့ စွန့်စားရှာဖွေခရီးစဉ်တွေအတွက် ကြွယ်ဝတဲ့ ဘီလျံနာသူူဌေးတွေအတွက်တော့ ပြိုင်ဘက်ကင်း လုံခြုံရေးနဲ့ သီးသန့်အစီအမံတွေလည်း ပါဝင်ပါတယ်။

သင်္ဘောတစင်းတည်ဆောက်ရေးအတွက် သြစတြီးယားဒေါ်လာ သုံးဘီလီယံဝန်းကျင် ကုန်ကျပြီး ရေလွှာလျှောစီးတာတွေ၊ ရဟတ်ယာဉ်စီးတာတွေ လုပ်နိုင်တဲ့အပြင် အသေးစားရေငုပ် သင်္ဘောလေးတွေစီးနိုင်သလို သင်္ဘောပေါ်မှာ ရေကူးကန်နှစ်ကန်၊ ကော်ဖီဆိုင်၊ လူ ၃၆ ယောက်ဆန့် ထမင်းစားခန်း၊ ရေကူးကန်၊ ရုပ်ရှင်ရုံနဲ့ အခြားဖျော်ဖြေရေးတွေလည်း ပါဝင်ပါတယ်။

သင်္ဘောဟာ အရှည် ၅၄၁ ပေရှိပြီး အနက် မီတာ ၂၅၀ ထိရေငုပ်နိုင်ကာ ခရီးသည် အယောက် ၂၀ နဲ့ အမှုထမ်း ၄၀ ထိလိုက်ပါနိုင်ပြီး ကယ်ဆယ်ရေးနဲ့ ဘေးကင်းရေးအစီအမံတွေလည်းပါဝင်ပြီး ကုမ္ပဏီအနေနဲ့ စွန့်စားခရီးသွားရောက်လိုသူ ဝယ်လက်တွေဖြစ်တဲ့ ဘီလျံနာသူဌေးတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

 

#(၃)အလုပ်အကိုင်အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းအပေါ် ဉာဏ်ရည်တုနည်းပညာက သက်ရောက်ဖွယ်ရှိ

ဉာဏ်ရည်တုနည်းပညာဟာ အလုပ်အကိုင်အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးကို အကျိုးသက်ရောက်စေမှာဖြစ်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့လေ့လာမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလုပ်အကိုင်အခြေအနေ အများစုမှာ ဉာဏ်ရည်တုနည်းပညာဟာ အလုံးစုံမညီမျှမှုကို ပိုမိုဆိုးရွားလာစေတယ်လို့ အိုင်အမ်အက်ဖ်ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ခရစ်တာလီနာဂျော်ဂျီဗာက ပြောပါတယ်။

ဒီအခြေအနေကြောင့် မူဝါဒချမှတ်သူတွေအနေနဲ့ လူမှုအသိုင်းအဝိုင်းမှာ နည်းပညာကြောင့် သက်ရောက်လာမှုတွေ နောက်ထပ်မဖြစ်ရေးကို တားဆီးဖို့နဲ့ အနှောက်အယှက်ဖြစ်ပေါ်စေနိုင်တဲ့ လမ်းကြောင်းတွေကို ကိုင်တွယ်သင့်ကြောင်း သူက တိုက်တွန်းထားပါတယ်။

ဉာဏ်ရည်တုနည်းပညာ တိုးတက်ထွန်းကားလာမှုဟာ အကျိုးကျေးဇူနဲ့ အန္တရာယ်များ ဒွန်တွဲနေကြောင်း အစီရင်ခံစာမှာ မီးမောင်းထိုးဖော်ပြထားပြီး အဆင့်မြင့်စီးပွားရေးလုပ်ငန်းတွေမှာ ၆၀ ရာခိုင်နှုန်းသော အလုပ်အကိုင်အချိုးအစားကို သက်ရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဝင်ငွေနည်းနိုင်ငံတွေမှာ ဉာဏ်ရည်တုနည်းပညာဟာ ၂၆ ရာခိုင်နှုန်းသာ အကျိုးသက်ရောက်နိုင်ပြီး ဒီနိုင်ငံတွေမှာ ဉာဏ်ရည်တုနည်းပညာရဲ့ အကျိုးကျေးဇူးများကို အသုံးချဖို့ အခြေခံအဆောက်အအုံ သို့မဟုတ် ကျွမ်းကျင်လုပ်သားမရှိခြင်းက အချိန်ကြာလာနဲ့ အမျှ နိုင်ငံတွေအကြား နည်းပညာ မညီမျှမှုအန္တရာယ် ပိုမိုဆိုးရွားလာစေတယ်လို့ အိုင်အမ်အက်ဖ်က သတိပေးထားပါတယ်။

Ref:IE

Photo:IE

 

 

Related posts

Leave a Comment

VOM News

FREE
VIEW