မေ ၂၈ ၊ ၂၀၂၆
GG (VOM)
မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ပိုမိုအဆင်ပြေဖို့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေအတိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတော်အစီအစဥ် တစ်ရပ်အနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ထုတ်ချေးပေးနေပါတယ်။
တောင်သူတွေကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေ စတင်ထုတ်ချေးပေးနေရာ ဒီနှစ်မှာတော့ ချေးငွေကို ငွေသားချည်းသီးသန့် ထုတ်ပေးတာမျိုးမဟုတ်ဘဲ ဘဏ်စနစ်နဲ့ပါ ချိတ်ဆက်ပြီး ချေးငွေထုတ်ပေးတဲ့စနစ်ကို ပြုလုပ်လာပါတယ်။
တောင်သူတွေကို မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာမှာ ငွေသားတစ်ဝက် (၅၀ ရာခိုင်နှုန်း)၊ E-Money တစ်ဝက် (၅၀ ရာခိုင်နှုန်း) ထုတ်ချေးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ငွေသားနဲ့ E- Money စနစ် ပေါင်းပြီး စိုက်ပျိုးစရိတ် ထုတ်ချေးတဲ့ အစီအစဥ်ကို Pilot Project အနေနဲ့ နေပြည်တော်ရှိ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွေမှာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပ္ပတ္တာမြို့နယ်တွေနဲ့ မန္တလေးတိုင်းထဲက ကျောက်ဆည်၊ ညောင်ဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မိတ္တီလာ၊ ရမည်းသင်းတို့မှာလည်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်ထဲက သထုံ၊ မော်လမြိုင် မြို့နယ်တွေမှာလည်း လုပ်ဆောင်မှာဖြစ်သလို ရန်ကုန်တိုင်းမှာတော့ သန်လျင်နဲ့ ထန်းတပင်မြို့နယ်တွေမှာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စိုက်ပျိုးစရိတ်ချေးငွေကို ငွေသားတတစ်ဝက်၊ E-Money တစ်ဝက်နဲ့ပေးချေတဲ့စနစ်ကို မေ ၂၅ ရက်ကစပြီး Pilot Project ထဲပါတဲ့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာ စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Pilot Project ကို အရင်ဆုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာတာကတော့ ကမ္ဘောဇဘဏ်ဖြစ်ပြီး ငွေပေးချေမှုပြုလုပ်မယ့် မြို့နယ်တွေမှာဆိုရင် ကမ္ဘောဇ ဘဏ်ဝန်ထမ်းတွေက ကျေးရွာတွေအထိ ကွင်းဆင်းပြီး KBZPay အကောင့် အသုံးပြုပုံ၊ အကောင့်ဖွင့်လှစ်ပေးခြင်း၊ ငွေသွင်းငွေထုတ်ပုံစံ၊ ပတ်စ်ဝှက် လုံခြုံရေး စတဲ့ သိသင့်သိထိုက်တာတွေကို သင်တန်းသဘောမျိုး ပြုလုပ်ပြီး လိုက်လံရှင်းပြပေးမှု ရှိတယ်လို့ သိရပါတယ်။
“ငွေအများကြီးကို ကိုယ်တိုင်သယ်စရာမလိုဘဲ လုံခြုံရေးအရ လည်းစိတ်ချရတယ်။ တောင်သူတွေကို ကမ္ဘောဇဘဏ်ဝန်ထမ်းတွေက အထောက်အကူများစွာ လက်တွေ့လုပ်ပြတာ သင်ပြတာမျိုး ပတ်စ်ဝှက်ကို ဘယ်လို ဂရုစိုက်ရမယ် ဘယ်လောက်ပဲ ရင်းနှီးတဲ့မိသားစုဝင်တွေ သူငယ်ချင်းတွေကို ပင်နံပါတ်တွေ ပြောမပြရဘူး ဆိုတာကို နားလည်အောင် ပြောပြသွားတယ်။ ဘဏ်ကနေ သင်တန်းတွေလည်း ရထားတယ်။ ကိုယ်တိုင်လည်း ခဏခဏသုံးလာတဲ့အတွက် ခုဆိုရင် ကိုယ်တိုင်စိတ်ချလက်ချ အသုံးပြုနိုင်နေပြီ။ ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေကို KBZPay ထဲထည့်ပေးလည်း အဆင်ပြေပါတယ်” လို့ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ချောင်းစောက်ရွာက တောင်သူဦးအေးသိန်းက ပြောပါတယ်။
ဒါအပြင် KBZPay အကောင့်ထဲရောက်လာတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို အဆင်ပြေစွာ ထုတ်ယူနိုင်ဖို့ အတွက်လည်း KBZPay အေးဂျင့်တွေက ကျေးရွာတွေအထိ ကွင်းဆင်းပြီး လိုက်လံငွေထုတ် ပေးတာမျိုး ရှိတယ်လို့လည်း သိရပါတယ်။
စိုက်ပျိုးရေး ချေးငွေကို အခုလို ငွေသားတစ်ဝက်၊ KBZPay တစ်ဝက်ဖြင့် ထုတ်ချေးပေးတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီးမှ တောင်သူ ဦးအေးသိန်းကတော့ အဆင်ပြေကြောင်း ပြောပါတယ်။ ခုချိန်မှာတော့ ဒီလိုအဆင်ပြေအောင် လုပ်ပေးတဲ့ စနစ်ဟာ တောင်သူတွေအတွက် အကောင်းဆုံးနဲ့ အမျှတဆုံးဖြစ်တယ်လို့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ရွှေလေးရွာက တောင်သူ ဦးမျိုးတင့်ပြောပြတာက
“KBZPay ထဲထည့်ပေးတဲ့အခါ တောင်သူတွေက အစောပိုင်းမှာ ငွေသားပြန်ထုတ်မယ် တွေးထားပေမယ့် သုံးတတ်သွားတော့ မြေဩဇာ စိုက်ပျိုးရေးဆေးတွေကလည်း ဆိုင်တော်တော်များများက KBZPay နဲ့ လက်ခံတဲ့အတွက် KBZPay နဲ့ ဝယ်ကြည့်မယ် စဥ်းစားတာပေါ့။ ငွေထုတ်ခလည်း မပေးရသလို ငွေအထုတ်လိုက်လည်း သယ်သွားစရာမလိုတော့ လုံခြုံတယ်လို့ ခံစားရပါတယ်။” လို့ ဆိုပါတယ်။
တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုမှာ KBZPay နဲ့ပါ ထုတ်ချေးတဲ့ စနစ်ကြောင့် ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ်လုပ်တဲ့ KBZPay အေးဂျင့်တွေရဲ့ ဆိုင်တွေမှာ တောင်သူတွေကိုယ်တိုင် ငွေထုတ်တဲ့နူန်း မြင့်တက်လာပြီး အရောင်းအဝယ်လည်း သွက်လာတယ်လို့ သိရပါတယ်။
KBZPay အကောင့်ထဲဝင်လာတဲ့ စိုက်ပျိုးစရိတ် ချေးငွေကို ငွေသားအပြည့်အဝ အကုန်ထုတ်တဲ့သူ ရှိသလို လိုအပ်သလောက် ငွေပမာဏကိုပဲထုတ်ပြီး KBZPay ကနေ မိသားစု မိတ်ဆွေသူငယ်ချင်းဆီ ငွေလွှဲတာ၊ ဖုန်းဘေဖြည့်တာ စတာတွေ လုပ်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ချေးငွေစတင်ထုတ်ချေးတဲ့ ရက်တွေကဆိုရင် တစ်ရက်ကို ငွေသားထုတ်တဲ့တောင်သူ အယောက် ၅၀ ကနေ ၁၀၀ လောက်ထိ ငွေလာထုတ်တယ်။ အလုပ်များပေမယ့် ဆိုင်အတွက်တော့ အရောင်းအဝယ် ပိုဖြစ်ပြီး အရောင်းအဝယ်သွက်တဲ့ နေ့တွေပါ။ တောင်သူတွေက အစပိုင်းတော့ E-Money ကို သိပ်မယုံရဲသေးတော့ ရသမျှငွေကို အကုန်ပြန်ထုတ်ချင်ကြတယ်။ ဒါပေမယ့် ဆိုင်တွေမှာ မြေဩဇာ၊ ပိုးသတ်ဆေးတွေကို KBZPay နဲ့ဝယ်လို့ရတယ် ဆိုတာကို ရှင်းပြပေးလိုက်တော့ ငွေသားအကုန် မထုတ်တော့ဘဲ လိုအပ်မှသုံးတာ များလာပါတယ်။ တောင်သူတွေ တစ်ပြိုင်တည်း လာထုတ်ချိန် ငွေသားကျပ်တည်းသွားတာ ကြုံတတ်ပါတယ်။ ဒါပေမယ့် ကမ္ဘောဇ ဘဏ်ခွဲတွေနဲ့ချိတ်ပြီး ငွေသားပြန်လည် အချိန်မီဖြည့်တင်းနိုင်လို့ ကြီးကြီးမားမား အခက်အခဲ မရှိပါဘူး။ အဓိကကြုံရတာ ပင်နံပါတ်မေ့တာ၊ အင်တာနက် မကောင်းလို့ ကြန့်ကြာတာမျိုး ရှိပါတယ်။ ငွေသွင်းငွေထုတ် ပိုများလာလို့ ကော်မရှင်ခက ၃၀ ရာခိုင်နူန်း ကနေ ၅၀ ရာခိုင်နူန်း အထိတိုးတက်လာပါတယ်။” လို့ သန်လျင်မြို့နယ်ရှိ KBZPay အေးဂျင့် မမျိုးသန္တာဦးက ပြောပါတယ်။
သူကဆက်လက်ပြီး “ဝေးလံတဲ့ရွာတွေက တောင်သူတွေရဲ့ အခက်အခဲက သွားရေးလာရေးနဲ့ အင်တာနက် အခက်အခဲပါ။ ဒါကြောင့် အေးဂျင့်တွေအနေနဲ့ တခါတလေ သူတို့တွေဆီကို ကွင်းဆင်းပြီး ဝန်ဆောင်မှုပေးတာမျိုး၊ ဒါမှမဟုတ် ရွာကနေ ဆိုင်ကို အစုအဖွဲ့လိုက် လာရောက်ပြီး ထုတ်ယူနိုင်ဖို့ စီစဥ်ပေးတာမျိုးနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရပါတယ်။” လို့ ဆိုပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေကို E-Money အဖြစ် KBZPay နဲ့ တစ်ဝက်ထုတ်ချေးပေးမှု စတင်ပြီးနောက်မှာ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးသုံး ဆေးပစ္စည်းဆိုင်တွေမှာလည်း တောင်သူတွေကိုယ်တိုင် KBZPay နဲ့ ပေးချေပြီး ပစ္စည်းဝယ်ယူမှု များလာတယ်လို့ သိရပါတယ်။
ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးသုံး ဆေးပစ္စည်းဆိုင်တွေ အနေနဲ့ကတော့ ခုလို KBZPay စနစ်နဲ့ ရောင်းချရတာကို ပိုပြီးသဘောကျကြောင်း၊ ရောင်းရတဲ့ပစ္စည်းအတွက် ကျသင့်ငွေပမာဏကို ရေတွက်ရတဲ့ အခြေအနေကနေ ကင်းဝေးသလို ငွေတု ပြဿနာနဲ့ အကြွေပြဿနာလည်း ဖြေရှင်းပြီးသားဖြစ်သလို တစ်နေ့တာရဲ့ ရောင်းအားအခြေအနေကိုလည်း မှတ်တမ်းကျန်ရှိတာကြောင့် အဆင်ပြေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေ ရပြီးတဲ့နောက်ပိုင်းမှာ KBZPay နဲ့ လာဝယ်တဲ့နူန်းက သိသိသာသာ တက်လာတယ်။ အရင်ကဆို ငွေသားထုတ်ပြီးမှ လာဝယ်ပေမယ့် အခုကဖုန်းထဲမှာ KBZPay ရှိနေတော့ ချေးငွေရရခြင်း ချက်ခြင်းလာဝယ်ကြတာပေါ့။ အရောင်းအဝယ်စနစ်နဲ့ ကြည့်မယ်ဆိုရင်လည်း Digital စနစ်နဲ့ဝယ်တာ သိသိသာသာ မြင့်လာတယ်လို့ ခန့်မှန်းရပါတယ်။ အရောင်းအဝယ်ပိုင်းမှာ အများကြီး အဆင်ပြေလာတယ်။ ငွေသားအများကြီးကို ရေတွက်ရတာနဲ့ ထိန်းသိမ်းရတာ သက်သာသွားတယ်။ ငွေတုပြဿနာလည်းကင်းတယ်။ အစပိုင်းမှာ စာရင်းနည်းနည်း ရှုပ်မယ်ထင်တာ ဆိုင်အတွက် အရောင်းအဝယ်ကိုပိုပြီး မြန်ဆန်သွက်လက်စေပါတယ်။” လို့ သန်လျင်မြို့နယ်ရှိ ဓာတ်မြေဩဇာနဲ့ စိုက်ပျိုးရေးသုံး ဆေးပစ္စည်းရောင်းချသူ တစ်ဦးက ပြောပါတယ်။
တောင်သူတွေကို စိုက်ပျိုးစရိတ် ထုတ်ချေးပေးတဲ့နေရာမှာ ငွေသားအပြည့်မပေးဘဲ E -money နဲ့ ပေးချေတဲ့စနစ်ကို အသုံးပြုတာဟာ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ပိုမိုအဆင်ပြေဖို့၊ တောင်သူတွေ ငွေသားမဲ့ ဘဏ်စနစ်ကို ပြောင်းလဲသုံးစွဲ တတ်လာစေဖို့အတွက် နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နိုင်ငံတော်အစီအစဥ် တစ်ရပ်အနေနဲ့ ချေးငွေချထားပေးတာပါ။
ဒီနှစ် စတင်လိုက်တဲ့ စိုက်ပျိုးစရိတ် ချေးငွေကို ငွေသားတစ်ဝက်၊ E-Money တစ်ဝက် ထုတ်ချေးမှုကို တောင်သူအရေအတွက် ၈၀၀၀၀ လောက်ကို စတင် ထုတ်ချေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တောင်သူတွေ အနေနဲ့ကတော့ E-Money ကို အခုမှစတင် အသုံးပြရတဲ့အချိန်မှာ အခက်အခဲ အနည်းငယ် ရှိပေမယ့်လည်း သုံးရတာ အဆင်ပြေတယ်လို့ ပြောပါတယ်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် စပါး၊ ဂျုံ နဲ့ ချည်မျှင် ရှည်ဝါ (မျိုးစေ့ထုတ်) သီးနှံတွေကို တဧက ၃ သိန်းကျပ်နူန်း သတ်မှတ်ထုတ်ချေးပေးနေတာ ဖြစ်ပြီး စိုက်ပျိုးစရိတ် ထုတ်ချေးပေးတဲ့နေရာမှာတော့ ကြွေးကျန်မရှိတဲ့ တောင်သူတွေကိုသာ ထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
