ချားလ်စ်ဘုရင် ကင်ဆာဖြစ်နေတယ်လို့ ဘက်ကင်ဟမ်နန်းတော် ထုတ်ပြန်

 

လန်ဒန်၊ ဖေဖော်ဝါရီ-၆-၂၀၂၄

မျိုးဆက်(VOM)

ချားလ်စ်ဘုရင်မှာ ကင်ဆာရောဂါတမျိုး ဖြစ်ပွားနေတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ ဆီးကြိတ်ကင်ဆာမဟုတ်ဘူးလို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ချားလ်စ်ဘုရင်ဟာ ဆီးကြိတ်ကြီးတာကို ကုသရင်းနဲ့ ကင်ဆာရောဂါကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူဟာ မနေ့ကစပြီး ပုံမှန်ကုသမှုတွေကို စတင်ခဲ့ပြီး ဒီကာလအတွင်း လုပ်ငန်းတာဝန်တွေကို ရွှေ့ဆိုင်းထားမယ်လို့ နန်းတော်ကထုတ်ပြန်ထားပါတယ်။ အသက် ၇၅ နှစ်အရွယ် ချားလ်စ်ဘုရင်ဟာ ကုသမှုအပေါ် ယုံကြည်မှုရှိပြီး တာဝန်တွေကို အမြန်ထမ်းဆောင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ကင်ဆာရောဂါဖြစ်ပွားနေတဲ့ အဆင့်ကိုတော့ ဘက်ကင်ဟမ်နန်းတော်က အသေးစိတ်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ကင်ဆာဖြစ်နေတာနဲ့ပတ်သက်ပြီး ချားလ်စ်ဘုရင်ဟာ သားတော်နှစ်ပါးကို အသိပေးခဲ့ပြီး ဝေလမင်းသားဟာ ခမည်းတော်ဖြစ်သူနဲ့ ပုံမှန်အဆက်အသွယ်ရှိတယ်လို့ ပြောပါတယ်။

အမေရိကန်မှာနေထိုင်တဲ့ မင်းသားဟယ်ရီကတော့ ချားလ်စ်ဘုရင်ကို တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး လာမယ့်ရက်အနည်းငယ်အတွင်း ဗြိတိန်ကို လာရောက်တွေ့ဆုံမှာဖြစ်ပါတယ်။

ချားလ်စ်ဘုရင်ဟာ နော်လ်ဖော့ခ်ရှိ ဆန်ဒရင်ဟမ်အိမ်တော်ကနေ လန်ဒန်ကို ပြီးခဲ့တဲ့နေ့က ပြန်လာခဲ့ပြီး ပြင်ပလူနာအဖြစ် စတင်ကုသမှုခံယူနေပြီလို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ထားပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW