ကောလင်းမြို့ထဲကို နစက စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခံရသူ တရာကျော်ရှိလာ

ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၂၄
SP(VOM)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကစပြီး ၆ ရက်ကြာ ထိုးစစ်ဆင်လာတဲ့ နစက စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့ထဲက နေရာတချို့ကို ဝင်ရောက်ထိုးဖောက်ပြီး မြေပြင်ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ယာယီတိုက်ပွဲရှောင်တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ယာယီတိုက်ပွဲရှောင်တယောက်က
” ဖေဖော်ဝါရီ ၆ ရက်က ကောလင်းနယ်ထဲကို စစ်ကြောင်းအဖွဲ့တွေ စဝင်ပြီ ဆိုကတည်းက ကောလင်းနယ်ခံတွေက ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အဲ့ဒီလို တိမ်းရှောင်ဖို့လည်း နစက စစ်ကြောင်းအဖွဲ့က ကြေညာပေးတယ် ၊ အဲ့ဒီနောက် ဖေဖော်ဝါရီ ၇ ရက်ကစပြီး ကောလင်းနယ်ထဲကို တောင်ဘက်နဲ့ မြောက်ဘက်ကနေ စစ်ကြောင်းတွေ စတင်ဝင်ရောက်တယ် ၊ ကျောက်ပြင်သာ ၊ ညောင်ပင်သာ ၊ အင်းဗုဒ်နဲ့ အောင်ချမ်းသာ စတဲ့ရွာဘက်တွေမှာ တိုက်ပွဲစဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ကြတယ် ၊ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ဖေဖော်ဝါရီ ၇ ရက်ညပိုင်းမှာ စစ်ကြောင်းအဖွဲ့က ကောလင်းမြို့နားကို ကပ်လာတယ် ၊ ပိုပြီး တိုက်ပွဲပြင်းထန်လာတယ် ၊ မနေ့က မနက်ပိုင်းကစလို့ ကောလင်းမြို့ထဲကို စစ်ကြောင်းတွေ ဝင်ရောက်လာပြီး နေရာတချို့ကို ထိန်းချုပ်ထားလိုက်တယ်။

ဒါ့အပြင် ကောလင်းမြို့ထဲကို မနေ့ကစလို့ မြေပြင်နယ်မြေရှင်းလင်းရေးတွေ စလုပ်တယ် ၊ မြို့ထဲမှာက ၅ ရာခိုင်နူန်းလောက် အရပ်သားတွေ အိမ်စောင့်ကျန်နေသေးတယ် ၊ အဲ့ဒါကြောင့် စစ်ကြောင်းအဖွဲ့က ကောလင်းမြို့ခံ ဟုတ် ၊ မဟုတ်စီစစ်ဖို့ မှတ်ပုံတင်တွေပြခိုင်းတယ် ၊ မှတ်ပုံတင်နဲ့ အတူ တိုက်ဆိုင်စစ်ဆေးတာတွေလုပ်တယ် ၊ မှတ်ပုံတင် မပြနိုင်တဲ့သူ ၊ တခြားနယ်က မှတ်ပုံတင်ဖြစ်နေသူ ၊ ကောလင်းနယ်ခံမဟုတ်သူတွေကို သီးခြားစီ စစ်ဆေးနေတယ် ၊ အဲ့ဒီလို စစ်ဆေးပြီးနောက် ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ် ၊ အဲ့ဒီလို ဖမ်းခံရတဲ့သူပေါင်း မနေ့က တရက်တည်း လူပေါင်း တရာကျော်တယ်၊ နောက်ပြီး KIA နဲ့ PDF တွေက တချို့က မြို့ထဲမှာ တပ်ဖျောက်ပြီး ကျန်နေသေးတယ် ၊ ကောလင်းမြို့ရဲ့ အထင်ကရ လမ်းတွေနဲ့ နေရာတချို့ကို ​မိုင်းတွေခင်းထားတယ် ၊ နစက စစ်ကြောင်းဝင်ရောက်လာတဲ့အခါ အဲ့ဒီ မိုင်းကွင်းတွေ မထိအောင် မထင်မရှား လမ်းတွေနဲ့ နေရာတချို့ကို ဖြတ်ဖောက်ပြီး ဝင်လာတယ် ၊ နောက်ပြီး မိုင်းရှင်းလင်းရေး ရှေ့ပြေးအဖွဲ့က မိုင်းတွေရှင်းလင်းတယ် ၊ အဲ့ဒီအပြင် မြို့ထဲမှာ KIA နဲ့ PDF အဖွဲ့တွေ လုပ်ထားတဲ့ သဲအိတ် ဘန်ကာတွေကို နစက စစ်ကြောင်းအဖွဲ့က ဖျက်စီးနေတယ် ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကစလို့ ကောလင်းမြို့နဲ့ ဆက်သွယ်သွားလာပြေးဆွဲနေတဲ့ ကားအသင်းတွေ ၊ စပါးကားတွေ ၊ ဆန်ကားတွေ နဲ့ စျေးကုန်ကားတွေဟာ ဒီကနေ့အထိ ပြေးဆွဲခြင်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကောလင်းမြို့ဟာ ခရိုင်မြို့ဖြစ်ပြီး လူဦးရေ တသိန်းခွဲကျော် နေထိုင်တဲ့အနက် ပြီးခဲ့တဲ့ ၂၀၂၂ မှာ မြို့နေ လူဦးရေးရဲ့ သုံးပုံ ၊ တပုံကျော်ဟာ နေရပ်စွန့်ခွာသွားကြပြီး ၊ ကျန်ရှိနေခဲ့တဲ့ မြို့ပေါ် လူဦးရေ နှစ်ပုံခန့်ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေတာကြောင့် ၊ ကောလင်းမြို့ပေါ်မှာ လက်ရှိ လူဦးရေ တသောင်း ဝန်းကျင်လောက်ပဲ ကျန်နေတာလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW