ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့် ဗဟိုဘဏ် ခွင့်ပြု

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ -၂၀၂၄

GG (VOM)

ငွေသားအပ်နှံခြင်းနဲ့ ထုတ်ယူခြင်းအပါအဝင် ဘဏ်လုပ်ငန်းတွေ ကို ဘဏ်ကိုယ်စား ဆောင်ရွက်နိုင်မယ့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent)လုပ်ကိုင်ခွင့်ကို လက်ရှိနယ်စပ်ဒေသ၊ဘဏ်လုပ်ငန်းဝန်ဆောင်မှု နဲ့ ကွာဝေးတဲ့ ဒေသတွေ အတွက် အထူးရည်ရွယ်ပြီး ခွင့်ပြုတာဖြစ်ပေမယ့် အားလုံးလျှောက်ခွင့်ရှိတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

” သူတို့အဓိကရည်ရွယ်တာတော့ မြို့ပြနဲ့ ဝေးပြီး ဘဏ်ကိုသွားလာရခက်တဲ့ဒေသတွေကိုရည်ရွယ်ပေမယ့် လူတိုင်းလျှောက်လို့ရတဲ့အခြေအနေပါပဲ။ပြောချင်တာက ကျနော်တို့အခုလုပ်နေတဲ့ ပွဲစားတွေလိုပေါ့။ အခုပွဲစားတွေကတော့တရားဝင်တာသိပ်မရှိဘူးပေါ့၊ အခု bank agent ကတော့ ဘဏ်နဲ့လည်းစာချုပ်ချုပ်ထားရမယ်၊ဗဟိုဘဏ်ကလည်းခွင့်ပြုမှရမယ်။ခွင့်ပြုရင်တော့ သူက သက်ဆိုင်ရာမြို့အလိုက် ငွေထုတ် ငွေအပ် အကုန်လုပ်လို့ရမယ့်အခြေအနေလို့ လတ်တလောသိထားတယ် ” လို့် စီးပွားရေးလုပ်ငန်းရှင်တယောက်ကပြောပါတယ်။

Banking Agent လုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားသူတွေအနေနဲ့ အဆိုပြု ကိုယ်စား လှယ်အမည်၊ အဆိုပြု ကိုယ်စားလှယ် တည်နေရာ၊ လိပ်စာ နဲ့ ဖုန်းနံပါတ်၊ လျှောက်လွှာမတင်မီ ပြီး ခဲ့တဲ့ နှစ်နှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ အခြားတည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုမယ့် ဘဏ်နဲ့ ကိုယ်စားလှယ်အကြား သဘောတူစာချုပ်(မူကြမ်း) ကိုပါ ဗဟိုဘဏ်ထံ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

Bank Agent အဖြစ် လုပ်ကိုင်ခွင့်ပြုမပြုကိုတော့ လျှောက်လွှာ ရရှိတဲ့နေ့ကနေ သုံးလအတွင်း ဗဟိုဘဏ်က အကြောင်းကြားမှာဖြစ်တယ်လို့သိရပါတယ်။

Bank Agent အဖြစ်လုပ်ကိုင်ခွင့်ရရှိသူဟာ ငွေထုတ်ယူခြင်းနဲ့ ငွေသွင်းခြင်း ၊ ငွေတောင်းခံလွှာကို ကောက်ခံခြင်းနဲ့ ဘဏ်ကိုပေးသွင်းခြင်း၊ ချေးငွေပြန်လည်ကောက် ခံခြင်းနဲ့ချေးငွေလျှောက်ထားခြင်းဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများ စုစည်း ကောက်ခံပေးခြင်း၊ ပြည်တွင်းငွေလွှဲဆောင်ရွက်ခြင်း ၊ အငြိမ်းစားလာစာနဲ့ နိုင်ငံတော်မှထောက်ပံ့ပေးသော ငွေ၊လူမှုရေး အဖွဲ့အစည်းတွေမှပေးသော ထောက်ပံသောငွေစတဲ့လူမှုရေးဆိုင်ရာအကျိုးခံစားခွင့်ကို ထုတ်ပေးခြင်း၊ငွေကြေးလက်ကျန်စစ်ဆေးခြင်း၊ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်သူများအကြား စာပေးစာယူဝန်ဆောင်မှုကို တာဝန်ခံဆောင်ရွက်ပေးခြင်းကို လုပ်ဆောင်ခွင့်ရှိတယ်လို့ ဗဟိုဘဏ်ကအသိပေးထားပါတယ်။

Bank Agent အဖြစ် ခန့်အပ်မယ့် အဖွဲ့အစည်းတွေအနေနဲ့ကတော့ ဝန်ဆောင်ခအဖြစ် ဗဟိုဘဏ်ကို ငွေကျပ် နှစ်သိန်း ပေးဆောင်ရမယ်လို့လည်းသိရပါတယ်။

ဘဏ်ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ပြုကြောင်းကိုတော့ ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ တရားအဝင် အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Photo: Original Uploader

 

 

Related posts

Leave a Comment

VOM News

FREE
VIEW