မြောက်ဦးက နစက တပ်ရင်းတွေကို AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်

ဖေဖော်ဝါရီ ၉ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ကျန်ရှိနေတဲ့ ရဲတပ်ရင်း (၃၁) ကို ရက္ခိုင့်တပ်တော် (AA) က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က မနေ့ည ဖေဖော်ဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ဦးမြို့မှာ ခမရ (၅၄၀)၊ (၃၇၇) ၊ (၃၇၈) တပ်ရင်းတွေနဲ့ အမှတ် (၃၁) ရဲတပ်ရင်းတခုတို့ တည်ရှိပြီး အဲ့ဒီ့ တပ်ရင်းတွေအားလုံးကို AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်တယ်လို့ ရခိုင်ဘက်က သတင်းတွေက ဆိုပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ နစကရဲ့ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကိုလည်း AA က မနေ့ ဖေဖော်ဝါရီ ၈ ရက်၊ မနက် ၇ နာရီဝန်းကျင်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ့စခန်းဟာ ရခိုင်ဒေသတွင်း AA စစ်ရေး စတင်ဖော်ဆောင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာဒုတိယပတ်က နစက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ဒုံးပိုက်နဲ့ ချိန်ခါလိန် နယ်ခြားစောင့်စခန်းအနီးက စခန်းဖြစ်တယ်လို့ သိရပါတယ်။

မင်းပြားမြို့အတွင်း ပစ်ခတ်မှုတွေဟာ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်မှာလည်း ဆက်ရှိနေပြီး လက်နက်ကြီးကျည် ထိမှန်တာကြောင့် လက်ရှိမှာ မင်းပြားမြို့အနီးက ကျေးရွာတချို့ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်သင်္ဘောဘက်က ပစ်နေတာ။ ဒီတမနက်လုံးပဲ။ ခုထိလည်း ပစ်နေတုန်းပဲ။ မင်းပြားမြို့နားက ရွာတွေ မီးလောင်နေတာကို တွေ့နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ကွမ်းတောင်ကျေးရွာနဲ့ အနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ AA အနေနဲ့ ချင်းပြည်၊ ပလက်ဝဒေသတခုလုံးအပြင် ရခိုင်ပြည်ရှိ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ ပေါက်တောမြို့တွေက နစကရဲ့ တပ်စခန်းတွေအားလုံးနဲ့ ရခိုင်ပြည်အနှံ့အပြားရှိ နစကရဲ့ တပ်စခန်း အကြီး၊ အလတ်၊ အသေး စုစုပေါင်း ၁၈၀ ကျော်ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW