ပခုက္ကူခရိုင်ထဲ ရေစကြိုမြို့နယ်မှာ ပြည်သူ့စစ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုများလာ

ဖေဖော်ဝါရီ ၊ ၁၀ ၊ ၂၀၂၄
SP (VOM)

ဒီရက်ပိုင်းအတွင်း မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ပြည်သူ့စစ် စခန်းတချို့နဲ့ ပြည်သူ့စစ်တွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့နယ် ဒေသခံတယောက်က ဖေဖော်ဝါရီ ၉ ရက်နေ့က အဖြစ်အပျက်ကို ပြောပြတာက
” မနေ့က နေ့လယ်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ် ၊ ဆင်ချောင်းကျေးရွာထဲက ထွက်လာတဲ့ ပြည်သူ့စစ်ကားနဲ့ ဆိုင်ကယ်တွေကို ပခုက္ကူ – ရေစကြိုကားလမ်းမှာ ပစ်ခတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံးပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ ကျည်ဆံတွေပါသွားတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်း ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းကလည်း ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြှေ့အောင် ဆိုသူဟာ သူ့ရဲ့ စစ်တပ် ခလရ ၂၅၇ ကနေ မစဖ ရုံးကို ကားနဲ့ပြန်အလာမှာ မြို့မရဲစခန်းအနီး မြို့ဝင်ဆိုင်းဘုတ်နားအရောက် PDF တွေက စောင့်ကြိုပစ်ခတ်တာကြောင့် ခြေတောက် ထိခိုက်ဒဏ်ရာရတယ် ၊ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် မနက်အစောပိုင်းကလည်း ရေစကြို ဆင်မရဲကျေးရွာက ပြည်သူ့စစ် စခန်း PDF တွေက ဝင်ရောက်တိုက်ခိုက်တယ် ၊ အနည်းဆုံး လူ ၁၀ ယောက်အထက်မှာ ထိခိုက်သေဆုံးတယ် ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်ကဘဲ ရေစကြိုမြို့ အခြေစိုက် ဖြူစင်လူမှုကူညီရေးယာဉ်ဟာ လူနာပို့ပြီးအပြန် ပခုက္ကူ-ရေစကြိုလမ်းမှာ တိုက်ခိုက်ခံရပြီး အဲ့ဒီ လူနာတင်ယာဥ် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်၊ အဲ့ဒီ ဖြစ်စဥ်မှာ ကားပေါ်မှာပါလာတဲ့ ပရဟိတသမား နှစ်ယောက် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၇ ရက်က မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ညောင်ဇောက်ကျေးရွာအုပ်စု ၊ ကျောမကြားရွာနားမှာ စစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပွားကာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က လူ ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၆ ရက်က ရေစကြိုမြို့နယ် ၊ ပခန်းကြီး ရဲစခန်းက ရဲတပ်ကြပ်တယောက် ပစ်သတ်ခံရပြီး အောက်တိုဘာ ၁၇ ရက်ညကလည်း ငါးလန်ကျေးရွာက ပြည်ခိုင်ဖြိုး ပါတီဝင် လေးယောက် အသတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၂၅ ရက် မနက် ၅ နာရီ ဝန်းကျင်ကလည်း ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာကနေ စည်သာကို စျေးဝယ်ထွက်လာတဲ့ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက် ယောက် ချောင်း မြောင်း ပစ်သတ်ခံရပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ပါသွားတယ်လို့ သိရပါတယ်။

ရေစကြိုနယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ မေကနေ စလို့ အခုထိ သတ်ဖြတ်ခံရသူ ၂၅၀ ကျော်ရှိပြီလို့သိရပါတယ် ၊ အဲ့ဒီလို သေဆုံးသူတွေအနက် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ၁၀၀ ကျော်ပါဝင်ပြီး ၊ ကျန်တာတွေက ပညာရေးဝန်ထမ်းတွေ ၊ ရဟန်းသံဃာတွေ ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ၊ ရပ် / ကျေး အုပ်ကြီးတွေ ၊ ရဲတွေ ၊ ပြည်သူ့စစ်တွေ နဲ့ အရပ်သားတွေဖြစ်တယ် လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွားတွေဖြစ်ပြီး ၂ ဘက် ထိခိုက် သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ပြည်သူ့စစ်ကျေးရွာတချို့နဲ့ မြိုင်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူ့စစ် ကျေးရွာတချို့မှာ PDF တွေက ရှော့ခ်တိုက်ဒုံးတွေ ၊ လက်လုပ်စိန်ပြောင်းတွေနဲ့ ဒရုန်းဗုံးတွေချတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် အဆောက်ဦးတချို့လည်း မီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ရေစကြိုဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW