မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် ထိုင်းအစိုးရရဲ့ အကူအညီတွေ မတ်လအတွင်းမှာ ရမယ်

 

ဘန်ကောက်၊ ဖေဖော်ဝါရီ-၉-၂၀၂၄

မျိုးဆက်(VOM)

ထိုင်းနိုင်ငံဟာ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ကြားခံနေရာဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အကူအညီပေးရေး ကြားခံနေရာကို ထိုင်းနိုင်ငံအနောက်ပိုင်း မြန်မာနယ်စပ်ရှိ မဲဆောက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ဟာ မနေ့က ဖေဖော်ဝါရီ ၈ ရက်မှာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

မတ်လအတွင်းမှာတော့ အစားအသောက်နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ ပထမအသုတ်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် လူပေါင်း နှစ်သောင်းစာအတွက် ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသမှာ နစကတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေစဉ်မှာ ထိုင်းအစိုးရက မြန်မာဒုက္ခသည်တွေအတွက် အကူအညီပေးရေး လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ထိုင်းအစိုးရနဲ့ နစကတို့အကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် အာဆီယံအဖွဲ့က ဇန်နဝါရီလအတွင်းမှာ ထောက်ခံခဲ့ပါတယ်။

“ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စဟာ လူ့အသက်အိုးအိမ်စည်းစိမ်ဖြစ်ပြီး ဒါဟာ နိုင်ငံရေး ပြသနာမဟုတ်ပါဘူူး။ ဒီကိစ္စကို အာဆီယံကိုတင်ပြတဲ့အခါ သဘောတူခွင့်ပြုတဲ့အတွက် ထိုင်းအစိုးရက ကူညီဖို့ရှေ့ဆက်ခဲ့တာ” ပါလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ လူပေါင်း ၂ ဒသမ ၆ သန်းဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ထောင်ပေါင်းများစွာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခိုလှုံနေကြပါတယ်။

အခုလို မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်မှုဟာ နယ်စပ်ဒေသတည်ငြိမ်အရေးအတွက် ထိုင်းအစိုးရရဲ့ အားထုတ်မှုတရပ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

Ref:NHK

Photo:AP/ AFP

Related posts

Leave a Comment

VOM News

FREE
VIEW