ကျောက်ဆည်မြို့နယ်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကြိုဆိုထောက်ခံပွဲက ပြန်လာသူနှစ်ဦး ပစ်ခတ်ခံရလို့ တယောက်သေဆုံး

ဖေဖော်ဝါရီ ၊ ၁၄ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့ပေါ်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ၊ နေ့ခင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထောက်ခံကြိုဆိုကြောင်း ဆန္ဒပြပွဲကနေ ပြန်လာတဲ့ လူနှစ်ယောက် လမ်းမှာ ပစ်သတ်ခံရတယ်လို့ တယောက်သေဆုံးသွားကြောင်း ကျောက်ဆည်မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျောက်ဆည်မြို့ခံတယောက်က

” ပစ်ခံရတဲ့သူတွေကတော့ ရွာပုလဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေး နဲ့ နောက်ပြီး ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးဝင်းကို ၊ ဖြစ်တယ်၊ အဲ့ဒီ နှစ်ယောက်ဟာ ကျောက်ဆည်မြို့ပေါ်မှာ လုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထောက်ခံကြိုဆိုပွဲပါဝင်ပြီး အုတ်ဖိုရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်အလာ လမ်းမှာ အမည်မသိ (စုံစမ်းဆဲ) လူလေးယောက်က နောက်ကနေ ဆိုင်ကယ် နှစ်စီးနဲ့ လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ပြည်ခိုင်ဖြိုး ရပ်ကျေးကော်မတီဝင် ဦးဝင်းကို ၅၃ နှစ် (ဘ) ဦးဖိုးသန်း ဆိုသူရဲ့ ဦးခေါင်း နောက်စေ့ နေရာမှာ ကျည်ဖောက်ဝင်ပြီး နေရာမှာတင် သေဆုံးသွားတယ် ၊ သူနဲ့အတူပါလာတဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ထွက်ပြေးလွတ်မြောက်သွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မနေ့က ပြည်သူ့စစ်မှုထမ်း ဥပေဒထောက်ခံပွဲကို
မန္တလေးမြို့ပေါ်အပါအဝင် ပြင်ဦးလွင်မြို့နဲ့ ကျောက်ဆည်မြို့ေတွမှာ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၅ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ၊ ပေါက်မြိုင်ကျေးရွာမှာ အရင်က ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ၊ နောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ ဦးမွန်ကျော်ဆိုသူနဲ့ ပြည်ခိုင်ဖြိုး ပါတီ ရပ်ကျေး အဖွဲ့ဝင် ဦးနိုင်ဝင်း ဆိုသူ နှစ်ယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းကလည်း မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ် ၊ သရက်ကန် (တောင်) ကျေးရွာမှာရှိတဲ့ ဘုန်းကြီးတပါးနဲ့အတူ ကျောင်းကပ္ပိယ တယောက် အသတ်ခံရတယ်လို့ သိရပြီး အဲ့ဒီ ဖြစ်စဥ်နဲ့အတူ မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာမှာလည်း အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက တံတားဦးမြို့နယ် ၊ ထောက်ရစ်ကျေးရွာမှာနေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံတဲ့သူ ဦးစိုးမြင့်ထွန်း ၅၃ နှစ် (ယခင် ကျေးရွာအုပ်ချုပ်ရေးမှူး ) နဲ့ ဒေါ်သက်နွယ်အောင် ၄၃ နှစ် သူတို့နှစ်ယောက် အသတ်ခံရတယ် ၊ အဲ့ဖြစ်စဥ်နဲ့အတူ တံတားဦးမြို့ရဲ့ အနောက်မြောက်ဘက် ၂၄ မိုင်လောက်မှာရှိတဲ့ တပယ်ကျေးရွာ စာသင်ကျောင်းမှာ အလယ်တန်းပြဆရာမ တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မီမီထွန်း ၄၁ နှစ်လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ မြင်းခြံ – နဘူးအိုင် ကားလမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက စွန့်ပစ်ထားတဲ့ အမျိုးသမီး ရုပ်အလောင်း လေးလောင်းတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် မနက် ၁၂ နာရီဝန်းကျင်က ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းနဲ့ သစ်ရုံကျေးရွာ၊ မြင်းခြံ – မြို့သာ ကားလမ်း မှာက နောက်တလောင်း တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းရဲ့ တောင်ဘက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ ကျောက်ဆည် ၊ ဝမ်းတွင်း ၊ မိတ္ထီလာ ၊ ပျော်ဘွယ် ၊ မလှိုင် ၊ မြင်းခြံ၊ နွားထိုးကြီး ၊ တောင်သာ ၊ ငါန်းဇွန် ၊ တံတားဦးစတဲ့မြို့နယ်တွေမှာ နှစ်လောင်းပြိုင် ၊ လေးလောင်းပြိုင် ၊ ခြောက်လောင်းပြိုင် လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW