ဗဟိုဘဏ်က ပို့ကုန်ရငွေအပေါ် ပြန်ထိန်းချုပ်မယ်ဆိုတဲ့သတင်းကြောင့် ပဲမျိုးစုံစျေးတွေကျဆင်း

 

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ – ၂၀၂၄

GG (VOM)

ဗဟိုဘဏ်က ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး ပြန်လည်တင်းကျပ်မှုအဖြစ် ၆၅ % ၃၅ % စနစ်ပြန်ကျင့်သုံးမယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်း ပဲမျိုးစုံစျေးတွေ ကျဆင်းသွားတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။

ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ်စျေး နဲ့ရောင်းချရမှာဖြစ်ပြီး ကျန် ၃၅ ရာခိုင်နူန်းကိုသာ ပေါက်စျေးအတိုင်းရောင်းချခွင့်ရှိတော့မှာဖြစ်လို့ ပို့ကုန်သမားတွေက ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ စျေးချပြီး ဝယ်ယူနေကြတာဖြစ်တယ်လို့သိရပါတယ်။

” လောလောဆယ်တော့ အချိုးတွေပြောင်းဖို့လေသံကြားလာရတယ်။ပြင်အုံးမယ်ပေါ့။ အဲ့လိုပြောင်းရင် အခုပေါက်နေတဲ့ ပြည်တွင်းပဲစျေးတွေအပေါ် လာရိုက်ခတ်မှာပဲ ။ အခုဖြစ်နေတာက ကြာရှည်ကျမှာလား ဘယ်လိုလဲဆိုတာတော့ အချိန်ခဏစောင့်ကြည့်ဖို့လိုမယ်။ငွေလဲနူန်းလည်းပြောင်းမယ်ကြားတယ်။သူတို့ပြောင်းလိုက်တာက ကုန်သည်တွေထိခိုက်မယ့်ဟာမျိူးဆိုရင် ကုန်သည်တွေက ကြိုကာပြီး လျှော့ချဝယ်ကြတာပေါ့။ သူတို့ဘဏ်ဘက်ကလည်း တရားဝင်ထွက်လာပါလိမ့်မယ်။ ” လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ ပြောင်း၊နှမ်းကုန်သည်များအသင်းဝင် တဦးကပြောပါတယ်။

လက်ရှိမှာတော့ ကုန်စည်ဒိုင်အများစုမှာ ကုန်သည်တွေက ပဲမျိုးစုံတတင်းကို အနည်းဆုံး ၅၀၀၀ ကျပ်ခွာပြီးဝယ်ယူနေသလို စံချိန်တင်မြင့်တက်ခဲ့တဲ့ မတ်ပဲစျေးကလည်း တတင်းကို ကျပ် ၁ သိန်းအောက်ကိုပြန်ကျလာပါတယ်။

” ကုန်သည်တွေက ခုဆိုစျေးကိုချပြီးဝယ်နေကြလို့ မတ်ပဲတခုပဲစျေးဖွင့်နိုင်တယ်။ကျန်တဲ့ပဲတွေ စျေးမတင်ဘူး။ငွေလဲနူန်းအပြောင်းအလဲဖြစ်လို့ စျေးတွေကျသွားတာလို့သိရတယ်။အခြေအနေကတော့ လေးငါးရက်လောက်စောင့်ကြည့်ရမယ့်သဘောရှိတယ် ” လို့ ဟင်္သါတ ကုန်စည်ဒိုင် အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မတ်ပဲအပါအဝင် ပဲမျိုးစုံစျေးတွေ ကျနေပေမယ့် စျေးကွက်မှာတော့ ကုန်သည်တွေကအဝယ်ရှိနေကြောင်း ၊ တောင်သူအနည်းငယ်သာ ပဲရောင်းချတာရှိပြီးအများစုကတော့ ပဲတွေက သိုလှောင်ထားကြတယ်လို့သိရပါတယ်။

လက်ရှိကာလဟာ မတ်ပဲ၊ ပဲစဥ်းငုံ၊ကုလားပဲ၊ပဲတီစိမ်းအပါအဝင် ပဲအများစုက နယ်စုံကနေ ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်နေတာကြောင့်လည်း တိုက်ဆိုင်ပြီး စျေးကပိုကျဆင်းတာဖြစ်တယ်လို့ကုန်သည်တွေက သုံးသပ်ကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW