ESPERADO ဟိုတယ် လူသတ်မှုမှာ သံသယရှိသူကို ဖမ်းဆီး စစ်ဆေးနေ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Esperado ဟိုတယ်ပိုင်ရှင်ရဲ့ဇနီး သေဆုံးမှုနဲ့ပတ်သက်ပြီး သံသယရှိသူအဖြစ် အလုပ်ထုတ်ထားတဲ့ ဟိုတယ်ဝန်ထမ်းကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်ရှိ Esperado Hotel ရဲ့ သုံးလွှာကအခန်းမှာ မနေ့ဖေဖော်ဝါရီ ၁၃ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က ဟိုတယ်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူ အသတ်ခံရတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အသတ်ခံရသူဟာ အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီဖြစ်ပြီး ကျောပြင်မှာ ဓားဒဏ်ရာ ငါးချက်အပါအဝင် လည်ပင်း ပွန်းခြစ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သားဖြစ်သူက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က “CCTV မှတ်တမ်းအရ လွန်ခဲ့တဲ့ သုံးလက အလုပ်ထုတ်ထားတဲ့ ဝန်ထမ်းလို့ အကြမ်းဖျင်းအားဖြင့် သိရတယ်။ CCTV မှာ သူက အခင်းဖြစ်ပွားရာ အခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ည ၇ နာရီခွဲဝန်းကျင်က ဝင်ရောက်ခဲ့ပြီး ည ၈ နာရီဝန်းကျင်မှာ ပြန်ထွက်သွားတာ တွေ့ရတယ်။ လောလောဆယ်မှာ သူ့ကို သံသယရှိသူအဖြစ် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။

CCTV မှတ်တမ်းမှာ တွေ့ရှိခဲ့တဲ့ သံသယတရားခံဟာ လွန်ခဲ့တဲ့ သုံးလက ဟိုတယ်ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ထားတဲ့ ဘုန်းသွေးခန့် (၂၀) နှစ်၊ ဒေါပုံမြို့နယ် နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဟိုတယ်တာဝန်ရှိသူတွေဆီ VOM က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့တာမှာ “မေးလို့ မရပါဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW