ရခိုင်မှာ မအီနဲ့ ကျောက်ဖြူက တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံရ ၊ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ မြင့်တက်လာနေ

 

ဖေဖော်ဝါရီ ၁၇ – ၂၀၂၄

SN (VOM)

လက်ရှိ ရခိုင်ပြည်နယ်မှာ တောင်ကုတ်မြို့နယ်အပိုင် မအီမြို့အဝင်က တံတားတစင်းနဲ့ ကျောက်ဖြူမြို့နယ်က တံတားတစင်းတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ ည ၉ နာရီကျော်မှာ မအီ – ပြင်ဝန်း ဆက်သွယ်ထားတဲ့တံတားကြီး မိုင်းခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျောက်ဖြူမြို့နယ်က ကျောက်ကြီးပေါက် တံတားကတော့ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက် ၃ နာရီဝန်းကျင်မှာ မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“မအီမြို့အဝင်က တံတားက ရန်ကုန်-တောင်ကုတ် ကားလမ်းမမှာ ရှိတဲ့ တံတား။ မအီချောင်းကို ဖြတ်ကူးထားတဲ့ တံတားပါ။ မအီမြို့ချောင်းတဖက်ကမ်း တံတားအစမှာ မအီမြို့မရဲစခန်းလည်းရှိတယ်။ သူက မအီနဲ့ အမ်းကို ဆက်သွယ်ထားတာ။ စီးပွားရေးအရ သွားလာလို့ အဆင်ပြေနေတဲ့ တံတားပါ။ အခုတော့ အဆက်အသွယ်တွေ ပြတ်၊ အကုန် အခက်အခဲတွေ ဖြစ်ကုန်တာပေါ့” လို့ ‌မအီဒေသခံတယောက်က ပြောပါတယ်။

မအီတံတားဟာ အရှည် ပေ ၁၀၀၀ ခန့်ရှိကာ အဝေးပြေးကားလမ်းလည်းဖြစ်တယ်လို့ သိရပြီး မအီမြို့နဲ့ ၃ မိုင်ကျော် ကွာဝေးတဲ့ ကျောက်ဖြူမှာ ဖျက်ဆီးခံရတဲ့ တံတားကတော့ အရှည် ပေ ၄၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ နစက လုံခြုံရေးတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့၊ ညကလည်း စစ်တွေမြို့အဝင် ရန်ကုန်-စစ်တွေ ကားလမ်းမထက်ရှိ မင်းချောင်းတံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၈ နာရီ ၃၅ မိနစ် ဝန်းကျင်ကလည်း စစ်တွေနဲ့ ကျောက်တော်မြို့ကို ချိတ်ဆက်ထားတဲ့ ကစ္ဆပနဒီတံတားနဲ့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေ ချိတ်ဆက်ထားတဲ့ မင်းချောင်းတံတားတို့လည်း ဖျက်စီးခံခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း AA ဘက်က နစကတပ်စခန်းတွေကို ထိုးစစ်ဆင် သိမ်းပိုက်လျက်ရှိတာမှာလည်း မနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ မနက် ၆ နာရီဝန်းကျင်က မောင်တောဒေသရှိ နစကတပ်ရဲ့ ဗောဓိကုန်းစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA က သတင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ့စခန်းကို ဖေဖော်ဝါရီ ၁၅ ရက်၊ မနက်ပိုင်းမှစတင်ကာ AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၄ နာရီကျော်အကြာမှာ စခန်းတခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နစကတပ်နဲ့ AA တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီး သုံးလအကြာမှာ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို စတဲ့ မြို့ ခြောက်မြို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားကာ တခြားသော စစ်စခန်းတွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

နစကဘက်ကတော့ လက်ရှိ ရခိုင်ဒေသရဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန် ပြောကြားထားတာမျိုး မရှိသေးပါဘူး။

အခုလို ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံများစွာဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်ကြောင့် ပြန့်ကျဲနေတဲ့ စစ်ရှောင်အရေအတွက်ကိုတော့ အတိအကျ စာရင်းကောက်ယူလို့ မရသေးသလို အကူအညီ လုံးဝ မရသေးသူတွေလည်း ရှိနေတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

“စစ်ရှောင်တွေအတွက် အဓိက လိုနေတာကတော့ စားနပ်ရိက္ခာပေါ့။ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေ ပြန့်လာတဲ့အလျောက် စစ်ရှောင်တွေက တဖြည်းဖြည်း ပိုတိုးလာနေတာဆိုတော့ ရှိတဲ့ ရိက္ခာနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ ဒါတောင် အဆက်အသွယ် မရသေးတဲ့နေရာတွေလည်း ရှိတယ်။ စားနပ်ရိက္ခာ လုံလောက်အောင် စုဆောင်းဖို့ ဆိုတာကလည်း လက်ရှိ ရခိုင်မှာတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ကလည်း ဘယ်လိုမှ အဆင်မပြေဘူး” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်အရေအတွက် သုံးသိန်းကျော်ဝန်းကျင် ရှိနေပြီဖြစ်တယ်လို့ သိရပြီး စစ်ရေးအရှိန် မြင့်တက်လာတာနဲ့အမျှ ဒေသတွင်း နေရပ်စွန့်ခွာသူတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးပွားလာနေတာကြောင့် စစ်ရှောင်အရေအတွက်ဟာ လက်ရှိစာရင်းတွေထက် ပိုပြီး များပြားနိုင်ကာ အတိအကျ ခန့်မှန်းဖို့ မလွယ်ကူနိုင်သလို တိုက်ပွဲတွေကြောင့် မြို့တွင်းမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photo Crd :Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW