ပြည်တွင်းရွှေဈေး ကျပ် ၃၉ သိန်းကျော်ထိ ရောက်ရှိလာ

ဖေဖော်ဝါရီ ၁၇ – ၂၀၂၄
SN (VOM)

ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လယ်ပိုင်းကစပြီး ၃၉ သိန်းကျော်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြည်တွင်း ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့တုန်းကလည်း ကျပ် ၃၉ သိန်းကျော်ကို ခေတ္တ ရောက်ရှိခဲ့ဖူးကာ မိနစ်ပိုင်းအတွင်း ၃၈ သိန်းကျော်ကို ပြန်လည် ကျဆင်းခဲ့ပြီးနောက် ၁၇ ရက်အကြာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းမှာတော့ ကျပ် သုံးဆယ့်ကိုးသိန်း ငါးထောင်ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

“ကမ္ဘာ့ရွှေဈေးက တော်တော်တက်သွားတာကိုး။ ၁၉၉၀ လောက်ကနေ အခု ၂၀၁၃ ၊ ဒေါ်လာ ၂၀ လောက် တက်သွားတယ်လေ။ ဒေါ်လာဈေးတွေကလည်းတက်တယ်၊ ၁၅၈၀ လောက် ဖြစ်နေတယ်ပြောတယ်။ အလားအလာကတော့ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး ထပ်တက်ရင်တော့ ရွှေဈေးက တက်ဦးမယ်ထင်တယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခုလို ရွှေဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်တွေလည်း အေးနေတယ်လို့ သူက ပြောပါတယ်။

“ဈေးကွက် အခြေအနေကတော့ အရောင်းအဝယ်သိပ်မရှိဘူး။ ထုံးစံအတိုင်းပေါ့၊ ဈေးတက်တော့ အဖမ်းအဆီးတွေဘာတွေ ကြောက်ကြ၊ လန့်ကြ၊ ရှောင်ကြ၊ တိမ်းကြဆိုတော့ အရောင်းအဝယ်ကတော့ ပါးပါတယ်၊ မရှိပါဘူး။ လောလောဆယ် လူတွေအားလုံးကလည်း စစ်မှုထမ်းဥပဒေနဲ့ စိတ်ညစ်နေကြတော့ အရောင်းအဝယ်တွေလည်း တော်တော်ပါးကုန်ကြပါတယ်။ လာရောင်းတဲ့သူရော၊ လာဝယ်တဲ့သူရော နည်းတယ်၊ သိပ်မရှိကြဘူး။ ရွှေဈေးတွေကတော့ တတိတိနဲ့ ပြန်တက်လာတာ ၃၉ သိန်း ပြန်ကျော်သွားပြန်ပြီပေါ့။ လောလောဆယ် အနေအထားကတော့ ကျဖို့ သိပ်မမြင်ရဘူး” လို့ သူက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၃ ရက်၊ နေ့လယ်ပိုင်းအထိ တအောင်စ ဒေါ်လာ ၂၀၀၀ ကျော်ဝန်းကျင် ရှိနေရာက အဲ့ဒီ့နေ့ ညပိုင်းကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ တအောင်စ ဒေါ်လာ ၁၉၉၀ ကျော်ဝန်းကျင်ကို ရက်ပေါင်း သုံးရက်ကြာ ပြန်လည် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ရွှေဈေးဟာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းကစလို့ တအောင်စ ဒေါ်လာ ၂၀၀၀ စွန်းစွန်းကို ပြန်လည် မြင့်တက် ရောက်ရှိခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ‌ရက်မှာတော့ တအောင်စ ၂၀၁၃ ဒေါ်လာကို ရောက်‌ရှိနေပါတယ်။

အမေရိကန် ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့၊ နေ့လယ်ပိုင်းမှစတင်ကာ တဒေါ်လာ ၃၅၀၀ ဝန်းကျင်ကို ရောက်ရှိလာပြီးနောက် တောက်လျှောက် မြင့်တက်လာခဲ့တာမှာ သုံးပတ်ကျော်ကာလအတွင်း အမြင့်ဆုံးဈေးအဖြစ် ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ နေ့လယ်မှာတော့ တဒေါ်လာ ရောင်းဈေး ၃၅၈၀ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW