ကချင်ပြည်နယ် စီခမ်းကြီး တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး စစ်ရှောင်နေရ

 

ဖေဖော်ဝါရီ ၂၆ – ၂၀၂၄

SN (VOM)

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး စစ်ရှောင်နေရတယ်လို့ သုညသုခ ပရဟိတ လူငယ်အသင်းမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က စီခံကြီးကျေးရွာအနီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ KPDF ပူးပေါင်းအဖွဲ့နဲ့ နစကတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ လူဦးရေ စုစုပေါင်း ၁၇၄၁ ယောက်ဝန်းကျင် စစ်ရှောင်နေကြရပြီး အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“အဓိက ကတော့ စားစရာတွေ လိုအပ်နေတာပါ။ အခုက ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရပြီဆိုတော့ နေရေးထိုင်ရေး ဆိုတာထက် သူတို့ရဲ့ စားသောက်ရေးအတွက် အဓိက လိုနေတာပေါ့။ စားစရာနဲ့ပတ်သက်လို့ ဘယ်ရာမဆို လိုအပ်နေတာပါ။ တနေရာနဲ့ တနေရာတော့ လိုအပ်မှုအတိုင်းအတာတော့ မတူပါဘူး။ မြို့ထဲမှာဆိုရင်တော့ စားသောက်စရာက ပိုက်ဆံရှိရင်လည်း ဝယ်လို့ရသလို အလှူရှင်တွေလည်း နီးနီးနားနား ပို့ပေးလို့ရတယ်။ တိုက်ပွဲဖြစ်တဲ့နားလေးက ရွာဆိုရင်တော့ ဗန်းမော်မြို့နဲ့ဆိုရင်လည်း မိုင် ၂၀ ကျော်လောက်ဝေးတယ်ဆိုတော့ ဒီဘက်နေပြီး သွားပို့ပေးမှပဲ ရောက်မယ့်ပုံစံမျိုးဖြစ်တော့ တနေရာနဲ့တနေရာ လိုအပ်မှုအတိုင်းအတာတော့ မတူပါဘူး” လို့ သုညသုခ ပရဟိတ လူငယ်အသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေထဲက လူဦးရေ ၁၀၀၀ ဝန်းကျင်ဟာ တိုက်ပွဲဖြစ်ပွားရာနဲ့ ၂၈ မိုင်လောက် ကွာဝေးတဲ့ ဗန်းမော်မြို့ရှိ သိမ်မဟာကျောင်းတိုက်နဲ့ သုခဝတီကျောင်းတိုက် နှစ်ခုမှာ ခိုလှုံနေကြရပြီး နောက်ထပ် စစ်ရှောင် ၇၄၁ ယောက်ကတော့ တိုက်ပွဲဖြစ်ပွား‌ရာနေရာနဲ့ ၁၂ မိုင်လောက် ကွာဝေးတဲ့ မံသာကျေးရွာရှိ သာသနာ့အလင်းရောင် ကျောင်းတိုက်မှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

“တိုက်ပွဲရှောင်တွေက အဲ့ဒီ့ နေရာတွေမှာ ခိုလှုံနေကြတာရှိသလို တခြားလူတွေကတော့ ဆွေမျိုးနီးစပ်အိမ်တွေကို သွားကြတာလည်း ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးကတော့ ကောင်းပါတယ်။ တနေရာနဲ့ တနေရာ သွားလာလို့ရတယ်၊ ပို့ဆောင်ပေးလို့ ရပါတယ်။ အဓိက အနေနဲ့ အစားအသောက် လိုအပ်နေတာအပြင် သူတို့ရဲ့ တကိုယ်ရေ သန့်စင်ရေးအတွက် သုံးတဲ့ ပစ္စည်းတွေ၊ နောက် အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ လိုအပ်ပါတယ်။ မြို့ပေါ်ကျတော့ ပို့ဆောင်လို့ လွယ်ပေမယ့် ရွာက ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့သူတွေကျတော့ မရကြဘူး။ အရောက်အပေါက် နည်းနေတာပေါ့။ သူတို့အတွက် စားသောက်စရာတွေနဲ့ တကိုယ်ရေသုံး ပစ္စည်းလေးတွေ ထောက်ပံ့ လှူဒါန်းပေးနိုင်မယ့်အဖွဲ့တွေ ပေါ်လာရင်တော့ ပိုကောင်းတာပေါ့။ လောလောဆယ်တော့ ဒေသခံ ပြည်သူလူထုကပဲ လှူဒါန်းနေကြတာ ရှိပါတယ်” လို့ သုညသုခ ပရဟိတ လူငယ်အသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မံစီမြို့နယ်က စစ်ရှောင်တွေဟာ စီခမ်းကြီးကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ရွာတွေဖြစ်တဲ့ စီကော်၊ သံတံတား၊ မက်လင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပြီး လက်ရှိမှာတော့ စစ်ရှောင်တချို့ နေရပ်ပြန်သွားကြပြီ ဖြစ်ပေမယ့် လူဦးရေ ၃၀၀၀ ထောင်ဝန်းကျင်လောက် စစ်ရှောင်နေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးတိမ်းရှောင်သူတွေဟာ ဆိပ်မူကျေးရွာ၊ လုံးခင်းကျေးရွာမှာရှိတဲ့ မြေစာပုံတွေမှာ ကျောက်ရှာရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်က စစ်ဘေးတိမ်းရှောင်သူ အများစုဟာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ မှော်ရှန်၊ လုံးခင်းကျေးရွာတွေရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ အများဆုံး ခိုလှုံနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး – မြန်မာ (United Nations OCHA Myanmar) ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ နေရပ်စွန်ခွာရသူဦးရေ ၂ ဒသမ ၇ သန်းထဲက ၂ ဒသမ ၄ သန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့တိုက်ပွဲတွေကြောင့် ထပ်တိုးလာတဲ့ အရေအတွက် ဖြစ်တယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – သုညသုခ ပရဟိတ လူငယ်အသင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW