စိမ်းစိမ်းစိုစို အာဟာရလေးတွေ

စိမ်းစိမ်းစိုစို အာဟာရလေးတွေ
စိမ်းစိမ်းစိုစို အာဟာရလေးတွေ

 

ဆူးငှက်

 

 

 

”ရိုးတစ်လျှောက် …

ဖြိုးမောက်ပါတဲ့ လယ်ပဒူ

အရွက်ချွန်း ကန်စွန်းပုစွန်စာနှင့်

လွန်တရာ ကညို့ပေါတယ်၊

တောဖြစ်လို့ထူ…”

ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးသော ကဗျားလေးတစ်ပုဒ်ကို သတိရနေမိသည်။ အခုလို မိုးလေးကျလာတော့ ပတ်ကြားအက်နေသော လယ်မြေတွေက ဖန့်ဖန့်စွတ်စိုသွားသည်။ ငိုက်ကာညှိုးနေသော အပင်လေးတွေလည်း ခေါင်းမတ်လာကြ၏။ ဖုန်မှုန့်အညစ်အကြေး ဝတ်ရုံတွေ ဖို့ရိုးဖားယား ဆင်ယင်ထားသည့် သစ်ပင်သစ်ရွက်တို့ စိမ်းရွှင်လန်းဆတ်သွားသည်။ ခြံနံဘေးရေအိုင်စပ်က ကန်စွန်းရွက်နွယ်ကလေး လူးလွန့်လာ၏။ စည်းရိုးပေါ်က ခွေးတောက်ညွန့်ကလည်း ဆန့်လာ၏။

 

ရေနီမြောင်း အရှေ့ဘက် ရန်ကင်းတောင်သွား ကားလမ်းနဘေး ကျွန်းပင်တောလေး အောက်က မနက်ဈေးကလေးမှာဟင်းသီးဟင်းရွက်တွေ စိမ်းစိုနုသစ်နေသည်။ ခြံထွက်သီးနှံတွေချည်းမို့ လတ်ဆတလှချည့်..။ တကယ်တော့ မြန်မာ့မြေမှာအသီးအနှံပေါသည်။ မြေဆီကလည်း နဂိုကတည်းက ပေါကြွယ်လှတာမို့ သဘာဝအလျောက်ပင်ဖြစ်ထွန်းကြီးထွားလွယ်သည်။ကိုယ့်မှာ ရှိသည့် တန်ဖိုးကို သတိမမူနိုင်ဘဲ ရေချိုခမ်း၊ မြေဆီခမ်းနေကြသည့် ရေခြားမြေခြားမှာ သုံးစွဲကြသော ဓာတုဆေးဝါးများကို မက်မော အထင်ကြီးပြီး သုံးစွဲကြမှုကြောင့် အနှစ်မဲ့သီးနှံတွေ ပေါများနေတာတော့ ဝမ်းနည်းစရာ ကောင်းလှသည်။

 

တကယ်တော့ မြန်မာများစားနေကျ သဘာဝဖြစ် ကြီးသွားရင့်မှည့်သော သစ်သီး၊ ဟင်းရွက်များသည် ကျန်းမာရေးအတွက် လိုအပ်သော အစားအသောက်များတွင် ထိပ်ဆုံးက ပါဝင်သည်။ အထူးသဖြင့် အစိမ်းရင့်ရောင်ရှိသော အရွက်များက ပိုမိုထူးကဲ၏။ အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များတွင် အက်တီအောက်ဆီဒင့်တွေ၊ ဗီတာမင်အေ၊ စီနှင့် သတ္တုဓာတ်တွေပါသည်။ ဖိုင်ဘာတွေလည်း ပါရှိသည်။ အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များတွင် ကင်ပွန်းချဉ်ရွက်၊ ကန်စွန်းရွက်၊ ဆူးပုပ်ရွက်၊ ဘူးညွှန့်၊ ဒန့်ဒလွန်၊ မုန်ညင်း၊ မုန်လာရွက်၊ မြင်းခွာရွက်၊ မယ်ဇလီရွက်၊ ဟင်းနုနယ်၊ ကင်းပုံ၊ ရေမုန်ညှင်း၊ ငါးရံ့ပတူရွက်၊ပေါက်ပန်းဖြူရွက်၊ ခွေးတောက်ရွက်၊ ရဲယိုရွက်၊ မန်ကျည်းရွက်…စသည်တို့ဖြစ်သည်။

 

ဤအရွက်များကား ဈေးမှာလည်း ဖောဖောရသည်။ အိမ်မှာလည်း လွယ်လင့်တကူ စိုက်ပျိုးစားသောက်နိုင်သည်။အစွမ်းကတော့ အာဂ အံ့မခန်းစွမ်းအားရှိတာ သတိမမူမိကြ…။ ဤအရွက်များနှင့်အတူ စားသင့်စားထိုက်သော အသီးများစွာခရမ်းသီးမျိုးလည်းပါသည်။ ခရမ်းသီးကား မြန်မာကြိုက် အသီးတစ်မျိုးလည်းဖြစ်သည်။ ခရမ်းချဉ်သီးသည်လည်း များများစားသုံးရမည့် အထဲတွင် ပါဝင်သည်။ ထောပတ်သီး၊ ခါကြက်ဥ၊ ကြက်သွန်ဖြူ-နီ တို့လည်း အာဟာရတန်ဖိုးရှိ သီးနှံများ ဥများဖြစ်သည်။ အိမ်ခေါင်းရင်း၌ စိုက်ပျိုးထားပြီး လွယ်လင့်တကူ ခူးယူစားသောက်နိုင်သော စားသုံးလေ့ရှိကြသော မာလကာသီးလည်း ပေါများလှသည်။ ပေါများသလောက် စားသုံးထိုက်သည့် အသီးတစ်မျိုးဖြစ်သည်။ နာနတ်သီး၊ သရက်သီးမှည့်၊ မရမ်းသီးမှည့်၊ သင်္ဘောသီး၊ ဖရဲသီး တို့လည်း အာဟာရကြွယ်သီးနှံများဖြစ်၏။

 

ထို့အပြင် မြန်မာ့မြေ မြန်မာ့ပါးစပ်၌ သဘာဝက ဆုလာဘ်အဖြစ်ပေးခဲ့သော အစားအသောက် တစ်မျိုးလည်းရှိပါ၏။မြန်မာကြိုက်သော ပဲအမျိုးအမျိုးဖြစ်ပါသည်။ ပဲသည် ဈေးပေါသည်။ ပစ္စည်းအနေနှင့်လည်း ပေါများသည်။ ထို့ကြောင့် တန်ဖိုးမထားကြ။ ဆင်းရဲသား အစားသောက်တစ်ခုလို အညာသားပဲစားဟု ကဲ့ရဲ့ရှုတ်ချလိုကြသည်။ တစ်ကယ်တော့ ပဲအမျိုးမျိုးသည်ထူးကဲ အာဟာရ ပြည့်ဝ အစားသောက်ဖြစ်သည်။ အဆီဓာတ်ပါသည်။ ဖိုင်ဘာပါသည်။ ယခုအခါ ရှောင်ရှားနေကြသည့် အဆီဓာတ်ကလည်း မပါသလောက် နည်းသတဲ့။ ကုလားပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲပိစပ်၊ ပဲပုပ်အစို၊ ပဲကြီး၊ ပဲလွန်း၊ ပဲတီစိမ်း၊ပဲစင်းငုံ၊ ပဲကတ္တီပါ၊ ထောပတ်ပဲ စတာတွေဟာ တစ်ရာ ဂရမ်မှာ ကယ်လိုရီ  သုံးရာက သုံးရာငါးဆယ် အထိပါသတဲ့။ ပရိုတင်းဆိုရင် တစ်ရာ ဂရမ်မှာ တစ်ရာ့ရှစ်ဆယ့် ဂရမ်အောက် လျော့တာ တစ်ခုမှ မရှိဘူးတဲ့။ အများစုက ၂ဝဝဂရမ် ကျော်သတဲ့။ စားသုံးသူအတွက်  အကျိုးပြုဆုံး ဖိုင်ဘာကလည်း နှစ်မျိုးစလုံး ပါသတဲ့။ ပညာရှင်များကတော့ ပဲကိုတစ်ပတ်မှာ သုံးကြိမ်တော့အနည်းဆုံး စားပေးပါဟု တိုက်တွန်းသည်။

 

အခုလို အညာမှာ မိုးကောင်းလာတော့ အသီးအနှံတွေလန်းလာကြပြီ။ မိုးဦးကာလ မိုးခေါင်နည်းသဖြင့် အသီးအနှံအချို့လည်း ပျက်စီးကြသတဲ့…။ ဒါပေမယ့် မိုးရွာလျှင် ပျိုးသာခွင့်ကြုံဦးမယ်။ တစ်တင်းမရ တစ်ပြည်ပေါ့။ တစ်ပြည်မရ တစ်စလယ်ပေါ့…။ဤသို့သော ဇွဲနဘဲနှင့် ကြိုးစားကြရဦးမည်။ ပုစွန်ခြောက် ပါးပါးလေးနှင့် ခရမ်းသီးတွေ ချက်မည်။ ဟင်းနုနွယ်ရွက်ကြော်မည်။ ငံပြာရည်လေးဖျော်ပြီး ဆလတ်ရွက်၊ ဘူးညွှန့်၊ ပြည်ပန်းညိုရွက်နှင့် အတို့အမြှုပ် လုပ်မည်။ ပဲတီစိမ်းလေး ဟင်းချိုချက်ကာ  ဟင်းပူပူကို တဖူးဖူးမှုတ်သောက်ရင်း လက်သီးဆုပ်သဏ္ဍာန် ထမင်းလုတ်ကြီးနှင့် သင်္ဘောသီးရဲရဲကြီးတွေခွဲစမ်း စိမ်စမ်းပေါ့။ သွားဖုံးမြှုပ်မျှ  အားရပါးရ  ကိုက်စားမည်။

 

ပြီးတော့…မိုးကအေးအေး ရေနွေးကြမ်းတစ်အိုးနှင့် အိမ်ရှေ့ ဇောင်းတဲ အဖီအောက် ငါးရာ့ငါးဆယ်တစ်အုပ်နှင့် နားပါလေ့…။

 

××××××         ×××××××

ကဲ… မိတ်ဆွေတို့

 

နဖူးပေါ်လက်တင်၍ ပြန်လည် စဉ်းစားကြည့်ကြပါဘိ..။ ဤသို့သောအခွင့်အရေးကို မိတ်ဆွေတို့ ဖောဖောသီသီ ရရှိခဲ့ဖူးသည်မဟုတ်ပါလော..။ ထိုစဉ် ထိုအခါ ရရှိခဲ့စဉ်က တန်ဖိုးထားခဲ့ရမှန်း သိခဲ့ပါ၏လော..။ အခု ဤသို့သော လတ်ဆတ်သည့် သဘာဝအသီးအနံှကို စိတ်ချလက်ချ ဖောဖောသီသီ မရနိုင်တော့တာ သတိပြုမိကြပါ၏လော..။ ဘာကြာဦးမလဲ..၊ ဆယ်စုနှစ် ၂စုလောက်အတွင်း ပြောင်းလဲသွားသည် မဟုတ်ပါလော..။ အကောင်းလော၊ အဆိုးလော။

သည်အတိုင်းလျစ်လျူရှုထားလျှင်သေချာသည်။ နောင် ဆယ်နှစ်ဆိုလျှင် လတ်ဆတ်သော ပြည်တွင်းဖြစ် ဒေသရင်းသီးနှံ မူးလို့ပင် ရှူစရာရှိမှာ မဟုတ်တော့..။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW