ကလေး တက္ကသိုလ်က ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ ဖမ်းခံရ၊ တချို့ ပြန်လွတ်

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ ကလေးမြို့ ၊ ကလေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ၊ ဆရာမ ပညာရေးဝန်ထမ်းတွေကို မနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတယောက်က
” မနေ့ မနက်ပိုင်းက ကလေး တက္ကသိုလ်ရဲ့ တောင်ဘက်ခြမ်းကနေ PDF တွေ ကျောင်းထဲကိုဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် ရူပဗေဒနဲ့ သတ္တဗေဒ စာသင်ဆောင်တွေကို ဝင်ရောက်လာတယ် ၊ နောက်ပြီး ဇလပ်နီ အဆောင်ဘက်က ကျောင်းသားတွေနဲ့ ဆရာ ၊ ဆရာမ တွေအပါအဝင် ပညာရေး ဝန်ထမ်းတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ဖမ်းဆီးခေါ်ဆောင်ခံရသူအေရအတွက်က ကနဦး ကြားရတာအယောက် သုံးရာကျော်လောက်ရှိမယ် ၊ တကျောင်းလုံးနီးပါး ပါသွားတာဖြစ်တယ် ၊ ပါသွားတဲ့သူတွေနဲ့ အခုထိ ဖုန်းအဆက်အသွယ် မရသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် မွန်းလိုင်ရပ်ကွက်နေ ဒေသခံ ကျောင်းသား မိဘတယောက်က
” ဒီရက်ပိုင်းမှာ ကလေးမြို့ပေါ်မှာ နေရာအားလုံး နီးပါး ပစ်ခတ်မှုတွေဖြစ်တယ် ၊ အဲ့ဒီ အပြင် ကလေးမြို့နယ်ရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်တယ် ၊ အဲ့ဒီ တိုက်ပွဲတွေမှာ CNO/CNDF ဒုတိယစစ်ဦးစီချုပ် ဆလိုင်းဒေးဗစ်နယူး(ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန်(ခ) Amos တို့ဟာ ကလေးမြို့နယ် မှန်တောကျေးရွာ အနီးတိုက်ပွဲမှာ သေဆုံးခဲ့ပါတယ်၊ ဆလိုင်းမန်ပူက ဖေဖော်၀ါရီလ ၂၂ ရက် စက္ကန့်ကျေးရွာတိုက်ပွဲမှာ သေဆုံးတယ် ၊ အဲ့ဒီအပြင် ကြို့သုံးပင်နဲ့ မွန်းလိုင်ဘက်တွေမှာလည်း အရပ်သားတချို့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသလို ပြည်တော်သာ ၊ လက်ပံချောင်း ဘက်တွေမှာလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ယောက်ကျော်လောက်ရှိတယ်”လို့လည်း ပြောပါတယ်။

ကလေးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကလေးတက္ကသိုလ်က ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အစပ် ၊ တောင်တန်းတွေကြားမှာ ရှိတယ် ၊ မနေ့မနက်ပိုင်းက PDF တွေက ကျောင်းထဲဝင်ရောက်ပြီး ဆရာ ၊ ဆရာမ နဲ့ ကျောင်းသား ကျောင်းသူ တွေအပါအဝင် ပညာရေးဝန်ထမ်းတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ နစက စစ်ကြောင်းက သွားခဲ့တာကြောင့် အဖမ်းခံရတဲ့သူ ၂၈၅ ယောက်ကို ပြန်ကယ်ထုတ်ပေးနိုင်ခဲ့တယ်၊ အဲ့ဒီအပြင် ဆရာ ဆရာမ တွေနဲ့ ကျောင်းသား ကျောင်းသူ တချို့လည်း ပါသွားတယ် ၊ အရေအတွက်တော့ မသိရသေးဘူး စီစစ်နေတုန်းဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာရှိတဲ့ နည်းပညာ တက္ကသိုလ်ကျောင်းဟာ စစ်ရေးအရ စိုးရိမ်ရတဲ့အတွက် ကျောင်းသုံး ပစ္စည်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို လားရှိုးမြို့ပေါ်မှာ ပြောင်းရွှေ့ထားပြီး ကျောင်းကိုတော့ ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

ကလေးမြို့ခံ ကျောင်းသားမိဘတယောက်က
” ဒီရက်ပိုင်းမှာ ကလေးနယ်တခုလုံး တိုက်ပွဲတွေဖြစ်နေတယ် ၊ ကလေးတက္ကသိုလ်ဆိုတာ တိုက်ပွဲဇုန်အတွင်းမှာ ရှိနေတယ် ၊ သက်ဆိုင်ရာက ရှမ်းမြောက်က တက္ကသိုလ်တွေလို ရွှေ့ပြောင်းထားဖို့ အရေးတကြီး လိုအပ်နေတာကြာပြီ ၊ အခုတော့ မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ကုန်ရပြီ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၆ ရက်ကလည်းလားရှိုးတက္ကသိုလ်မှာ တက်ရောက် ဖြေဆိုနေတဲ့ အဝေးသင် စာမေးပွဲကို တိုက်ပွဲအခြေအနေတွေအရ ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကာလက ကယားပြည်နယ် ၊ လွိုင်ကော်မြို့မှာရှိတဲ့ လွိုင်ကော် တက္ကသိုလ်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး ၊ ဆရာ ၊ ဆရာမ ၁၃၄ ဦးနဲ့ ၊ အဲ့ဒီ မိသားစုဝင် ၆၄ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ် ၊ အဲ့ဒီထဲက ဝန်ထမ်း မိသားစုတွေနဲ့ ဝန်ထမ်းတချို့ ပြန်လွတ်လာတယ်လို့သိရပြီး ၊ တချို့လည်း ဒီကနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဟာ ကလေးတက္ကသိုလ် ၊ ကလေး နည်းပညာတက္ကသိုလ် ၊ ကလေး ကွန်ပျူတာ တက္ကသိုလ်ဆိုပြီး တက္ကသိုလ် သုံးခုရှိပါတယ်။ ဒါ့အပြင် အခြေခံပညာကျောင်းပေါင်း ၁၉၅ ကျောင်းရှိပြီး ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၀ ကျောင်းရှိကာ ၊ အခြား ခရစ်ယာန် ဘာသာရေး ပညာရေးသင် ကျောင်းတွေရှိတယ်လို့ သိရပြီး အဲ့ဒီ ကျောင်းအားလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေစလို့ အခုထိ ကျောင်းတွေ ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW