ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း ဖြေဆိုနေတဲ့ စာမေးပွဲကို လုံခြုံရေးယူပေးနေတဲ့ အစောင့်အရှောက်တချို့ ပစ်သတ်ခံရတာကြောင့် သေဆုံးသူတွေရှိနေတယ်လို့ ကျောင်းသားမိဘ အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတယောက်က
” ဒီကနေ့ ( ဖေဖော်ဝါရီ ၂၆ ရက်) မနက် ၁၀ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ စဥ့်ကူးမြို့နယ် ၊ မန္တလေး ၊ မိုးကုတ်ကားလမ်းမှာရှိတဲ့ ကျည်တောက်ပေါက်ရွာက ကျည်တောက်ပေါက် အထက ကျောင်းရှေ့မှာ စာမေးပွဲ လုံခြုံရေး အစောင့်အရှောက် လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ ပစ်သတ်မှုကြောင့် ရွာလူကြီး ဦးမောင်မောင် ၅၉ နှစ်နဲ့ ဦးအောင်ဆန်းဦး ၅၄ နှစ် ဆိုသူတွေ သေဆုံးတယ် ၊ သူတို့နှစ်ယောက်က ကျောင်းရှေ့မှာရှိနေတုန်း အမည်မသိ ( စုံစမ်းဆဲ) လူလေးယောက်က ဆိုင်ကယ်နဲ့ လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်တယ် ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအဝှမ်းမှာ ဖေဖော်ဝါရီ ၂၂ ရက်စတင်ပြီး အခြေခံပညာ အလယ်တန်းအဆင့် ဂရိတ်ဖိုက်နဲ့ ဂရိတ်နိုင်း စာမေးပွဲဖြေဆိုတဲ့အခါ အစိုးရစစ် စာမေးပွဲဖြစ်တာကြောင့် ကျောင်းလုံခြုံရေး အစောင့်အရှောက်တွေ သက်ဆိုင်ရာက ချပေးထားရတယ်လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဂေါက်ကွင်းတောင်ဘက်မှာရှိတဲ့ အမှတ် ၅ အခြေခံပညာအထက်ကျောင်းမှာ စာမေးပွဲဖြေဆိုမှုကို စောင့်ရှောက်ပေးနေတဲ့ စစ်သားနှစ်ယောက် ပစ်သတ်ခံရပြီး သေနတ်နှစ်လက်နဲ့ ကျည်ဆံတွေပါသွားတဲ့ ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။