ဝန်ကြီးချုပ် နှုတ်ထွက်ရေးနဲ့အတူ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးမှုအောက် ရောက်လာတဲ့ ဟေတီနိုင်ငံ

 

မတ်-၁၂-၂၀၂၄

မျိုးဆက်(VOM)

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစပြီး ဟေတီဟာ မင်းမဲ့စရိုက် ပိုဆန်လာပါတယ်။ မြို့တော် ပို့အော့ပရင့်မှာ အကြမ်းဖက်မှုတွေ ကြီးထွားလာမှုနဲ့အတူ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးလာမှုနောက်ဆက်တွဲက အခြေအနေ လွန်စွာဆိုးရွားလာပါတယ်။

လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေဟာ သမ္မတနန်းတော်ကို တိုက်ခိုက်ခဲ့ကြသလို ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ဓါတ်ဆီဗုံးတွေနဲ့ ပစ်ခတ် မီးရှို့ခဲ့ကြပါတယ်။ ပြည်ပခရီးစဉ်သွားနေတဲ့ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီရဲ့ လေယာဉ်အပါအဝင် အခြားလေယာဉ်တွေဆင်းသက်တဲ့ နိုင်ငံတကာလေဆိပ်ဟာလည်း ရာဇဝတ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ပိတ်ထားရဆဲဖြစ်ပါတယ်။

ဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကြောင့် ဝန်ကြီးချုပ်အေရီရယ်ဟင်နရီဟာ အမေရိကန်ကနေ ဟေတီကို ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် လေယာဉ်ဆင်းသက်နိုင်ခြင်းမရှိတာကြောင့် အိမ်နီးချင်း ဒိုမီနီကန်မှာ ဆင်းသက်ခဲ့ရပါတယ်။

ဒီလိုအခြေအနေမှာ ဟေတီရှိ အမေရိကန်သံရုံးရဲ့ မရှိမဖြစ် ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေကို အမေရိကန်က လေကြောင်းနဲ့ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီနောက်မှာတော့ ဥရောပသမဂ္ဂဟာ သူ့ရဲ့ သံတမန်အားလုံးကို ဟေတီကနေ ရွှေ့ပြောင်းခဲ့ပြီး ၂၀၁၀ ခုနှစ် အင်အားပြင်း မြေငလျင်နောက်ပိုင်း ဟေတီမှာ အကြီးမားဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေကြောင့် မြို့တော်ပို့အော့ပရင့်မှာရှိတဲ့ အဓိကဆေးရုံဟာလည်း အခြေအနေဆိုးရွားနေပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အရိပ်အယောင် စိုးစဉ်းမျှမတွေ့ရပါဘူး။ ယင်တလောင်းလောင်း နားနေတဲ့ကြားက ဆေးကုပေးမယ့်သူမရှိဖြစ်နေတဲ့ လူနာတွေနဲ့ ကာရစ်ဘီယံ ဒေသရဲ့အပူရှိန်ကြောင့် အမြန်ပုပ်ပွလာပြီး အနံ့ဆိုးတွေထွက်နေတဲ့ ဆေးရုံက အလောင်းတွေကလည်း လက်ရှိချိန်ထိ ဥပေက္ခာပြုခံနေရဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆေးရုံမှာရှိနေသူတွေကတော့ အပြင်က သေနတ်သံတွေနဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြောင့် အပြင်မထွက်ရဲဘူးလို့ ဆိုပါတယ်။ ဝန်ကြီးချုပ်နဲ့ အစိုးရရဲ့အာဏာ လျော့ပါးနေချိန်မှာ မြို့တော်ပို့အော့ပရင့်ကို ရာဇဝတ်ဂိုဏ်းတွေက အကြွင်းမဲ့နီးပါး ထိန်းချုပ်ထားပါတယ်။

သူတို့ဟာ မြို့တော်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီး ဝန်ကြီးချုပ် အေရီရယ်ရာထူးကနေ ဆင်းပေးဖို့ ဟေတီရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဂိုဏ်းခေါင်းဆောင် ဂျင်မီ ဘာဘီကျူးချီရီဇီယာက ထပ်မံတောင်းဆိုထားပါတယ်။

“ တကယ်လို့ အေရီရယ်ဟင်နရီ ရာထူးကနေ ဆင်းမပေးခဲ့ဘူးဆိုရင်၊ သူ့ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက်ထောက်ခံနေမယ်ဆိုရင် ပြည်တွင်းစစ်ဆီကို တိုက်ရိုက်ဦးတည်သွားလိမ့်မယ်” လို့ သူက သတိပေးထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရဲ့ ရဲတပ်ဖွဲ့အင်အားဟာ နည်းပါးနေပြီး လုယက်မှုနဲ့ မငြိမ်သက်မှုတွေကို ထိန်းသိမ်းဖို့ ရုန်းကန်နေရပါတယ်။ ဒီလိုအခြေအနေမှာ အရေးပေါ်အခြေအနေ တလကြေညာထားပြီး တရားဥပဒေစိုးမိုးရေး ပျက်ယွင်းလုနီးနီးနိုင်ငံတခုမှာ စားနပ်ရိက္ခာ ဝမ်းရေးအတွက် မဖြစ်မနေ လှုပ်ရှားနေရတာမျိုးတွေလည်း ရှိနေပါတယ်။

“ ကျွန်မမှာ ကလေးသုံးယောက်ရှိတယ်။ လမ်းပေါ်မှာစျေးထွက်ရောင်းတဲ့အချိန်တွေမှာ အသတ်ခံရနိုင်တာမျိုးရှိသလို လက်နက်ကို်ငတွေက ရတဲ့ပိုက်ဆံအကုန်ယူသွားတာမျိုးလည်းရှိတယ်။ ဒါပေမယ့် ထမင်းစားဖို့အတွက် အိမ်မှာထိုင်နေလို့ မရဘူးလေ” လို့ အမည်မဖော်လိုသူ အမျိုးသမီးတယောက်က ပြောပါတယ်။

ဟေတီမှာဖြစ်ပွားနေတဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး အိမ်နီးချင်း ဂျမေကာနိုင်ငံမှာတော့ Caricom ဒေသဆိုင်ရာ အဖွဲ့အကြီးအကဲတွေအပါအဝင် သံတမန်တွေဟာ ဟေတီအရေးနဲ့ပတ်သက်ပြီး အရေးပေါ် ဆွေးနွေးနေကြပါတယ်။

ဟေတီမှာဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေဟာ ကာရစ်ဘီယံအသိုက်အဝန်းအတွက်သာမက ဝါရှင်တန် အတွက်လည်း ပြဿနာတရပ်ဖြစ်ပါတယ်။ ရာဇဝတ်ဂိုဏ်းတွေကြီးစိုးနေတဲ့ လူဦးရေ ၁၁ သန်းကျော်သာရှိတဲ့ ဟေတီမှာ မတည်ငြိမ်မှုတွေက အမေရိကန်ရွေးကောက်ပွဲကျင်းပမယ့်နှစ်အတွင်း ရွှေ့ပြောင်းဒုက္ခသည် ဝင်ရောက်မှုအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

ဒေသတွင်းက Caricom အဖွဲ့အနေနဲ့က ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီ နှုတ်ထွက်ရေး လိုလားနေဖွယ်ရှိသလို ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရကလည်း ဝန်ကြီးချုပ် ဟင်နရီ နိုင်ငံကိုပြန်သင့်ပြီး အစိုးရသစ်တရပ်အတွက် အသွင်ကူးပြောင်းရေး လုပ်သင့်တယ်လို့ လူသိရှင်ကြား ပြောဆိုထားပါတယ်။

ဒါပေမယ့် အမေရိကန်သံတမန်အသိုင်းအဝိုင်းကတော့ ဝန်ကြီးချုပ်ဟင်နရီ ဟေတီပြန်လာဖို့က မဖြစ်နိုင်ကြောင်း သဘောပေါက်ထားကြပြီး ဒီလိုကြိုးပမ်းမှုတွေဟာ ဟေတီနိုင်ငံကို ပိုမိုမတည်ငြိမ်စေနိုင်ကြောင်း သီးခြား မှတ်ချက်ပြုပြောဆိုကြပါတယ်။

လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေကို ကိုင်တွယ်ဖို့အတွက် ကုလသမဂ္ဂကျောထောက်နောက်ခံပြုပြီး ကင်ညာဦးဆောင်တဲ့ တုံ့ပြန်ရေးအစီအစဉ်ဟာလည်း လက်တွေ့မှာ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ရာဇဝတ်ဂိုဏ်းတွေဟာ မြို့တော်ပို့အော့ပရင်ရှိ ပင်မအကျဉ်းထောင်ကို စီးနှင်းတိုက်ခိုက်ခဲ့ရာ အကျဉ်းသား ၄၀၀၀ ကျော်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အဲဒီအကျဉ်းသားတွေဟာ ရာဇဝတ်ဂိုဏ်းတွေအတွက် အထောက်အပံ့ဖြစ်လို့နေပါတယ်။

ဒီလိုအခြအနေမှာ မြို့တော်ပို့အော့ပရင့်က အစောင့်အကြပ်တွေမရှိတော့ဘဲ ဟင်းလင်းပွင့်နေတဲ့ အကျဉ်းထောင်တံခါးတွေ၊ ပြန်မလာနိုင်သေးတဲ့ ဝန်ကြီးချုပ်တယောက်၊ မြို့တော်ကို ထိန်းချုပ်ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ လမ်းမတွေပေါ်မှာ အလောင်းတွေက ဟေတီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့တာနဲ့ နိုင်ငံရေးအကျပ်အတည်း အခြေအနေကို တစိတ်တပိုင်း လှစ်ဟပြသ နေပါတော့တယ်။

Ref:BBC

Photo: Getty Images

 

 

Related posts

Leave a Comment

VOM News

FREE
VIEW